အရေးကြီးပြီး ရှားပါးသတ္တုများနှင့်စပ်လျဉ်း၍ အမေရိကန်နှင့် ထိုင်းတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ(MoU)အပေါ် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးငြင်းခုံမှုများဖြစ်ပွားစေခဲ့ပြီး ဝေဖန်သူများက ပွင့်လင်းမြင်သာမှု၊ အမျိုးသားအကျိုးစီးပွားနှင့် ရေရှည်မဟာဗျူဟာဆိုင်ရာ သက်ရောက်မှုများအပေါ် စိုးရိမ်ပူပန်မှုများထွက်ပေါ်လျက်ရှိကြောင်း ဗန်ကောက်ပို့စ်သတင်းစာတွင် “Critics concerned by rare earths MoU” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင်ကျင်းပခဲ့သည့် (၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊နားလည်မှုစာချွန်လွှာအရ ထိုင်းနှင့်အမေရိကန်အစိုးရ တို့သည် စွမ်းအင်လုံခြုံရေးနှင့် ရေရှည်တည်တံ့သော ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်ဖန်တီးမှုကို မြှင့်တင်ရန် ရည်ရွယ်သည့် အရေး ကြီးသောဓာတ်သတ္တုများနှင့် ရှားပါးဒြပ်စင်များဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမူဘောင်တစ်ရပ်ကို ထူထောင်ရန် သဘောတူညီခဲ့ကြကြောင်း၊ အဆိုပါအစပျိုးမှုသည် လျှပ်စစ်ကားများ(EVs)၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့်အဆင့်မြင့်အီလက်ထရွန်နစ်ပစ္စည်းများကဲ့သို့သော အဓိကဗျူဟာမြောက်စက်မှုလုပ်ငန်းကို ပံ့ပိုးရန်ကြိုးပမ်းခြင်းဖြစ် ကြောင်း၊ သဘောတူညီချက်၏ အဓိကပြဋ္ဌာန်းချက်များအရ နှစ်နိုင်ငံသည် ရှားပါးဒြပ်စင်များနှင့်ပတ်သက်သည့် စူးစမ်းရှာဖွေခြင်း၊ စီမံဆောင်ရွက်ခြင်း၊ သုတေသနပြုခြင်းနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံသည် ကုန်ကြမ်းတင်ပို့ခြင်းထက် ပြည်တွင်းတန်ဖိုးမြှင့်ထုတ်လုပ်မှုကို တိုးမြှင့်ခြင်းအပေါ် အလေးပေးခြင်းဖြင့် ကမ္ဘာ့အရေးပါသော ဓာတ်သတ္တုထောက်ပံ့ရေးကွင်းဆက်တွင် တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ရန်မျှော်လင့်ပါကြောင်း၊ နားလည်မှုစာချွန်လွှာသည် အထူး သဖြင့် ထိုင်းနိုင်ငံအတွက် မြင်သာထင်သာသော အကျိုးကျေးဇူးများနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပညာရှင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ဝေဖန်မှုများပေါ်ပေါက်ခဲ့ကြောင်း၊ ယင်းရှားပါးသတ္တုဆိုင်ရာ နားလည်မှုစာချွန်လွှာသည် ထိုင်းနိုင်ငံအတွက် မည်သည့်အကျိုးကျေးဇူးရရှိမည်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ် Anutin Charnvirakul က ထိုင်းကို ဆိုးကျိုးဖြစ်စေမည့် သဘောတူညီချက်ကို မည်ကဲ့သို့လက်မှတ်ရေးထိုးနိုင်ကြောင်းဖြင့် အမေရိကန်နှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရန် အစိုးရ၏ဆုံးဖြတ်ချက်ကို ချင်းမိုင်ပြည်သူ့ပါတီအမတ် Phattarapong Leelaphat က ၎င်း၏ ဖေ့ဘုတ်ခ် စာမျက်နှာတွင် ပို့စ်တစ်ခုတင်ကာ မေးခွန်းထုတ်ခဲ့ကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံ၏ မြောက်ပိုင်းတွင် ရှားပါးသတ္တုနှင့်စပ်လျဉ်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဖော်ညွှန်းမှုပင်မရှိသေးပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင် တူးဖော်ရေးလုပ်ငန်းများကြောင့် မြောက်ပိုင်းတွင် ရေညစ်ညမ်းမှုများနှင့်ရင်ဆိုင်နေရပြီး မိမိတို့နိုင်ငံအနေဖြင့်လည်း ပြည်တွင်းပြဿနာများကို မဖြေရှင်းနိုင်သေးဘဲ ပြဿနာအသစ်များကို ဖန်တီးနေပါကြောင်း၊ အဆိုပါနားလည်မှုစာချွန်လွှာသည် ထိုင်းနိုင်ငံ အတွင်း ရှားပါးမြေသိုက်များကို စစ်တမ်းကောက်ယူခြင်းနှင့် ခွဲခြမ်း စိတ်ဖြာရန် အမေရိကန်အား ခွင့်ပြုပေးထားကြောင်း၊ နားလည်မှုစာချွန်လွှာအရ ရှားပါးမြေသိုက်အသစ်များတွေ့ရှိပါက သဘောတူညီချက်တွင် ဖော်ပြထားသည့်အတိုင်း အမေရိကန်ကို အမြန်ဆုံးအကြောင်းကြားရမည်ဖြစ်ကြောင်း ဖြည့်စွက်ရေးသားခဲ့ပါသည်။
ထို့အပြင် အမေရိကန်ကို အခြားနိုင်ငံများထက် ရင်းနှီးမြှုပ်နှံရန် ပထမဆုံးအခွင့်အရေးပေးသင့်ကြောင်း၊ သယံဇာတတူးဖော်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပရောဂျက်များတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့် ပွင့်လင်းမြင်သာမှုတို့ အရေးကြီးကြောင်း၊ ရှေ့ဆက်၍ ထိုင်းလုပ်ငန်းရှင်များအတွက်လည်း ပေါ်ပေါက်လာသော အခွင့်အလမ်းများကို ညီတူရရှိနိုင်ရန် ထိုင်းနှင့် အမေရိကန်တို့ကြား ပူးပေါင်းဆောင်ရွက်မှုဖွဲ့စည်းပုံကို အကြမ်းဖျင်းရှင်းလင်းသည့်လမ်းပြမြေပုံကို အစိုးရက ကြေညာသင့်ကြောင်း၊ အရေးကြီးသော ဓာတ်သတ္တုများနှင့်စပ်လျဉ်းသည့် မည်သည့်စီမံကိန်းမဆို ထိုင်းစီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံသားများအတွက် ဖြစ်နိုင်သမျှအကျိုးကျေးဇူးအများဆုံးပေးဆောင်နိုင်ကြောင်း အာမခံရန် လိုအပ်ကြောင်း၊တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ၏ ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားရန်လိုအပ်ကြောင်း ဒီမိုကရက်တစ်ပါတီ၏ လက်ထောက်ခေါင်းဆောင် Mr. Werapong Prapha က ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ “Art Werapong” တွင် ရေးသားခဲ့ပါသည်။
လက်ရှိတွင် ထိုင်းစီးပွားရေးသည် တရုတ်နိုင်ငံအပေါ် ကြီးကြီးမားမားမှီခိုနေရဆဲဖြစ်ကြောင်း၊ယင်းကြောင့်အင်အားကြီးနှစ်နိုင်ငံ၏ ပြင်းထန်သောပြိုင်ဆိုင်မှုတွင် ပိတ်လှောင်ခံထားရသည့် စျေးကွက်များအတွင်း အမေရိကန်နှင့် အလွန်နီးကပ်စွာဆက်ဆံပါက ထိုင်းနိုင်ငံအပေါ် စီးပွားရေးအရ ဖိအားများ သက်ရောက်စေမည်ဖြစ်ကြောင်း၊ သို့သော်လည်း ဝန်ကြီးချုပ် Anutin က အဆိုပါနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခြင်းသည် စည်းမျဥ်းချုပ်ထားခြင်းမရှိဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြည့်အဝ လိုက်နာသည်ကို အာမခံပါကြောင်း၊ အဆိုပါနားလည်မှုစာချွန်လွှာသည် ရှားပါးမြေသယံဇာတနှင့် ဆက်စပ်နည်းပညာများတွင် အလားအလာရှိသောပူးပေါင်းဆောင်ရွက်မှုများကို ရှာဖွေရန် နှစ်နိုင်ငံအကြား ရည်ရွယ် ချက်ရှိသည်ဆိုသည့် ကြေညာချက်တစ်ခုမျှသာဖြစ်ကြောင်း၊ စည်းမျဉ်းဝတ္တရားများမပါဝင်ဘဲ ထိုင်းနိုင်ငံအတွက် အကျိုးမရှိပါက မိမိတို့အနေ ဖြင့် တခြားပါတီ၏ သဘောတူညီချက်တောင်းခံရန်မလိုဘဲ ဆုတ်ခွာနိုင်ကြောင်း ဝန်ကြီးချုပ် Mr. Anutin က ပြောကြားခဲ့သည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)