ဖိလစ်ပိုင်အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့(National Food Authority–NFA)သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း သက်တမ်းရင့်ဆန်တန်ချိန် ၆၀,၀၀၀ ရှိ ဆန်အိတ်ပေါင်း ၁.၂ သန်းအား လေလံစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဆန်သိုလှောင်ရုံများနေရာ-လစ်လပ်သွားစေရန်၊ ဆန်များ သက်တမ်းရင့်ကာ ပိုးထိုးမှုများမဖြစ်စေရန်နှင့် ပြည်တွင်းဆန်ရောင်းလိုအားကို ပံ့ပိုးပေးနိုင်စေရန်တို့ အတွက်ဖြစ်ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။
အများပြည်သူထံသို့ မရောင်းချမီ အစိုးရလူမှုကယ်ဆယ်ရေးအေဂျင်စီများထံသို့ ဦးစွာရောင်းချပေးသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါသက်တမ်းရင့်ဆန်များသည် ဆန်စက်ရုံများမှ ကြိတ်ခွဲပြီးနောက် ၃ လခန့် NFA ဆန်သိုလှောင်ရုံများတွင် သိမ်းဆည်းသိုလှောင်ထားခြင်းဖြစ်ပါသည်။ ယခုလေလံစနစ်ဖြင့် ရောင်းချပေးမည့်ပမာဏသည် အမျိုးသားအဆင့်စားသုံးမည်ဆိုပါက ၁၂ ရက်စားသုံးနိုင်သည့်ပမာဏ နှင့်ညီမျှသည့် ဆန်အရန်ရိက္ခာစုစုပေါင်းတန်ချိန် ၄၅၀,၀၀၀ မက်ထရစ်တန်၏ ၁၃% ရှိပါသည်။ ကြမ်းခင်းဈေးအနေဖြင့် ဆန်တစ်ကီလိုလျှင် ၂၅.၀၁ ပီဆိုမှ ၂၇.၉၆ ပီဆိုကြားရှိပြီး ဆန်သိုလှောင်ရုံများတွင် သိုလှောင်သိမ်းဆည်းနိုင်မှုအပေါ် မူတည်၍ ရောင်းချသွားမည်ဖြစ်ပါသည်။
ဆန်သိုလှောင်ရုံများ နေရာလစ်လပ်ခြင်းက NFA အနေဖြင့် စပါး(Unmilled rice/ Palay)များကို ပြည်တွင်းဆန်တောင်သူများထံမှ ပိုမိုဝယ်ယူနိုင်မည်ဖြစ်ပါသည်။ ယခုကဲ့သို့ NFA မှ လေလံစနစ်ဖြင့် ဆန်တောင်သူများထံမှ ဝယ်ယူမည့်အစီအစဉ်အား သမ္မတမားကို့စ်ဂျူနီယာမှ ၁-၉-၂၀၂၅ ရက်နေ့မှစတင်၍ ဆန်တင်သွင်းမှုကို ရက်ပေါင်း ၆၀ ယာယီရပ်ဆိုင်းမည့်ကာလအတွင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ စပါးရိတ်သိမ်းမှုမြင့်မားသည့်ကာလ အထူးသဖြင့် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ပြည်တွင်းစပါးဈေးနှုန်းပြန်လည်ကောင်းမွန်မြင့်တက်လာစေရေးကို အထောက်အပံ့ဖြစ်စေနိုင်ရန် ရည်ရွယ်ကြောင်း NFA ကောင်စီဥက္ကဋ္ဌနှင့် စိုက်ပျိုးရေးဝန်ကြီးဖြစ်သူ Francisco Tiu Laurel Jr. မှ ပြောကြားခဲ့ပါသည်။
(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)