International News

တရုတ်နိုင်ငံတွင် မော်တော်ကားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ဆောင်ရွက်မည်

Last Updated:

တရုတ်နိုင်ငံအနေဖြင့် မော်တော်ယာဥ်လည်ပတ်မှုနှင့် သုံးစွဲမှုတို့အတွက် ကန့်သတ်ထားသည့် ပိတ်ဆို့မှုများ၊ အတားအဆီးများ၊ ဖယ်ရှားရန်နှင့် မော်တော်ကားကဏ္ဍ ကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်စေရေး တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ ပြောကြားထားကြောင်း သိရှိရပါသည်။

မော်တော်ကားလုပ်ငန်းသည် တရုတ်နိုင်ငံအမျိုးသားစီးပွားရေး၏ မဟာဗျူဟာမြောက်စက်မှုလုပ်ငန်းဖြစ်ကြောင်းနှင့် တိုးတက်မှုတည်ငြိမ်ရေး၊ သုံးစွဲမှုတိုးမြှင့်ရေးတို့ထိန်းသိမ်းဆောင်ရွက်ရာတွင် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ မကြာမီနှစ်များအတွင်း ဝန်ကြီးဌာနအနေဖြင့် မော်တော်ယာဥ်ဆိုင်ရာ trade-in program ကိုအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ မော်တော်ယာဥ်လည် ပတ်မှု၊ သုံးစွဲမှုနှင့်သက်ဆိုင်သည့် ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရန် ရှေ့ပြေး အစီအစဉ်များချမှတ်ခြင်း၊စျေးကွက်အလားအလာကောင်းများဖြစ်ပေါ်စေရေး ဖွင့်လှစ်ဆောင်ရွက်ခြင်းနှင့် တိုးတက်မှုပုံစံအသစ်များမြှင့်တင်ရန်အတွက် စမ်းသပ်ဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်း၊ မကြာမီက ဝန်ကြီးဌာနအနေဖြင့် မော်တော်ယာဥ်လည်ပတ်မှုနှင့် သုံးစွဲမှုတိုးတက်စေရေး နောက်ထပ်အစီအမံများ လေ့လာ အကောင်အထည်ဖော်နိုင်ရေးရည်ရွယ်၍ စက်မှုအသင်းအဖွဲ့များ၊ သုတေသနအဖွဲ့အစည်းများ၊ ဆက်စပ်လုပ်ငန်းများပါဝင်သည့် စာတမ်းဖတ်ပွဲတစ်ရပ်ကို ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်၍ ဝန်ကြီးဌာနအနေဖြင့် စျေးကွက်သုတေသနနှင့် မူဝါဒလမ်းညွှန်ချက်များအားကောင်းစေရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ် ကြောင်း၊ မတူကွဲပြားသည့် စားသုံးသူများ၏ လိုအပ်ချက်အလိုက် ကြိုက်နှစ်သက်မည့်ပုံစံများနှင့်  လိုက်လျောညီထွေဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ကဏ္ဍတွင်းပြိုင်ဆိုင်မှုပြင်းထန်ခြင်းကို ဖြေရှင်းနိုင်ရန်အတွက် ဝန်ကြီးဌာနအနေဖြင့် စည်းကမ်းလိုက်နာမှုကြီးကြပ်ရေးနှင့် မျှတပြီးပြိုင်ဆိုင်မှုရှိသည့်ဈေးကွက်ဖြစ်ပေါ်စေရေး ကြိုးပမ်းမှုများတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Source: https://en.people.cn/n3/2025/0606/c90000-20324311.html

(သင်းသင်းအောင်၊ စီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: International News