ဂျပန်နိုင်ငံတွင် ပလတ်စတစ်သုံးပစ္စည်းများဖြင့် ထုတ်ပိုးသည့်စရိတ်မြင့်တက်လာခြင်းကြောင့် အစားအသောက်ဈေးနှုန်းများမြင့်တက်လာနိုင်ကြောင်း The Japan Times သတင်းဌာန၏ အွန်လိုင်းသတင်းတွင် “Food prices in Japan set to rise as war drives up cost of plastic packaging” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းတွင် အရှေ့အလယ်ပိုင်းဒေသရှိ ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် လောင်စာဆီသယ်ယူပို့ဆောင်မှုလမ်းကြောင်း ပြတ်တောက်နေခြင်းကြောင့် ပလတ်စတစ်ထုပ်ပိုးပစ္စည်းများထုတ်လုပ်ရာတွင်အဓိက အသုံးပြုသည့်ကုန်ကြမ်း Naphtha(နက်ဖ်သာ)ဝယ်ယူရရှိရန် ခက်ခဲလာ ကြောင်း၊ သို့ဖြစ်ရာ ၎င်းဓာတုပစ္စည်းမှ ထုတ်လုပ်ရသည့် ပိုလီပရိုပလင်း (polypropylene)နှင့် ပိုလီအီသလင်း(polyethylene)ကဲ့သို့သောထုပ်ပိုးပစ္စည်းများ၏ စျေးနှုန်းများမြင့်တက်လာသည့်အတွက် အစားအသောက်ထုတ်လုပ်သည့် အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များအပေါ် သက်ရောက်မှုများစွာဖြစ်ပေါ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
ထိုကဲ့သို့ပလတ်စတစ်ဖြင့်ပြုလုပ်ရသည့် ထုတ်ပိုးပစ္စည်းများဈေးနှုန်းမြင့်တက်လာခြင်းကြောင့် ဂျပန်နိုင်ငံတွင် လာမည့်နွေရာသီမှစတင်၍ စား သောက်ကုန်နှင့် အဖျော်ယမကာစျေးနှုန်းများမြင့်တက်လာဖွယ်ရှိကြောင်း၊ အရှေ့အလယ်ပိုင်းဒေသရှိ ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် လောင်စာဆီအပါအဝင် စွမ်းအင်သယ်ယူပို့ဆောင်မှုလမ်းကြောင်းပိတ်ဆို့နေသည့်အတွက် ကမ္ဘာ့ရေနံနှင့်သဘာဝဓာတ်ငွေ့စျေးကွက်သည် မငြိမ်မသက်ဖြစ်ပေါ်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ ဂျပန်နိုင်ငံအပါအဝင် အာရှနိုင်ငံအများစုသည် အရှေ့အလယ်ပိုင်းဒေသ၏ လောင်စာဆီအပါ အဝင် စွမ်းအင်တင်သွင်းမှုအပေါ် မှီခိုနေရသည့်အတွက် ယခုအခါ ထိခိုက်လွယ်သည့်အခြေအနေသို့ ရောက်ရှိနေကြောင်း ဖော်ပြထားပါ သည်။
ရေနံမှဆင်းသက်လာသည့် ဓာတုထွက်ကုန်များအပါအဝင် ကုန်ကြမ်းပြတ်လပ်ခြင်းကြောင့် အစားအသောက်ထုတ်လုပ်မှုကဏ္ဍမှသည် ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာထုတ်လုပ်မှုကဏ္ဍအထိ အသီးသီး သက်ရောက်မှုများဖြစ်ပေါ်လာကြောင်း၊ Teikoku Databank ၏အစီရင် ခံစာအရ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွင်း စျေးနှုန်းအမြင့်ဆုံးသို့ရောက်ရှိမည့်အစားအသောက်အုပ်စုတွင် ချောကလက်နှင့်မုန့်ပဲသရေစာ များအဓိကပါဝင်ကြောင်း၊ ဂျပန်နိုင်ငံ၏အခြေခံစားသုံးသူစျေးနှုန်း (လတ်ဆတ်သော အစားအစာများမပါဝင်ဘဲ)သည် ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းတွင် ပြီးခဲ့သည့်နှစ်ကထက် ၁.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ရာ စီးပွားရေးပညာရှင်များ ခန့်မှန်းထားသည်ထက် ပိုမိုမြင့်မားခဲ့ကြောင်း၊ ထို့အပြင် လတ်ဆတ်သောအစားအစာကဏ္ဍနှင့် စွမ်းအင်ကဏ္ဍနှစ်ခုမပါဝင်ဘဲ တွက်ချက်ထားသည့် ငွေကြေးဖောင်းပွမှုနှုန်းထားမှာလည်း ဂျပန်နိုင်ငံဗဟိုဘဏ်က သတ်မှတ်ထားသည့် ၂ ရာခိုင်နှုန်းထက် ကျော်လွန်၍ ၂.၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။
Source:https://www.japantimes.co.jp/business/2026/04/30/economy/food-price-rise-package-cost/
(ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)