အိန္ဒိယနိုင်ငံ Kerala ပြည်နယ်တွင် မုတ်သုံမိုးကောင်းစွာရွာသွန်းမှုကြောင့် သဘာဝရာဘာစိုက်တောင်သူများ၏ မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် အနည်းဆုံးထုတ်လုပ်မှု ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
အိန္ဒိယရာဘာရောင်းဝယ်သူများအဖွဲ့ချုပ်(Indian Rubber Dealers’ Federation )ဥက္ကဋ္ဌ George Valy က “မိုးကြောင့် ရာဘာခြစ်ရက်တွေ မဆုံးရှုံးဘူးဆိုရင် မနှစ်ကထက် ထုတ်လုပ်မှုတိုးလာပါလိမ့်မယ်” ဟု businessline သတင်းဌာနသို့ ပြောကြားခဲ့သည်။ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံ၏ သဘာဝရာဘာထုတ်လုပ်မှုမှာ တန်ချိန် ၈၅၇,၀၀၀ ရှိခဲ့ကြောင်း တွေ့ရှိရသည်။
သို့ရာတွင် နိုင်ငံတကာဈေးကွက်တွင် ရာဘာတုံး(block rubber)ဈေးနှုန်းများကျဆင်းနေခြင်းက ပြည်တွင်းဈေးနှုန်းများကို ထိခိုက်နိုင်ဖွယ်ရှိကြောင်း၊ အဆိုပါရာဘာတုံးဈေးနှုန်းများသည် လွန်ခဲ့သည့်နှစ်ပတ်အတွင်း ၁၅၆ ရူပီး မှ ၁၄၂ ရူပီးသို့ ၁၄ ရူပီး ကျဆင်းခဲ့ကြောင်း သိရသည်။ ယင်းအခြေအနေသည် ပြည်တွင်းသဘာဝရာဘာဈေးနှုန်းများကို သက်ရောက်မှုရှိနိုင်ပြီး စက်မှုလုပ်ငန်းများအတွက် ပြည်ပမှ တင်သွင်းမှုရွေးချယ်စရာများ ပိုမိုများပြားလာနိုင်ကြောင်း သိရသည်။
ပြည်တွင်းဈေးကွက်သို့ ယခုလလယ်ပိုင်းမှစ၍ ဇူလိုင်နှင့် သြဂုတ်လများအထိ ရာဘာအသစ်များ ဝင်ရောက်လာမည်ဟု မျှော်မှန်းရပြီး ယင်းမှာ စိုက်ပျိုးသည့်ဒေသများတွင် မိုးကောင်းစွာရွာသွန်းခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ စိုက်ခင်းများစွာတွင် သစ်ပင်များကို မိုးဒဏ်ခံနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ ရာဘာအဓိကသုံးစွဲသောလုပ်ငန်းများ အထူးသဖြင့် တာယာထုတ်လုပ်သူများသည်လည်း ဈေးကွက်မှဝယ်ယူနေကြသော်လည်း ပြည်ပမှဖြစ်ပေါ်တိုးတက်မှုများကို အနီးကပ်စောင့်ကြည့်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယေဘုယျအားဖြင့် ယခုရာသီတွင် ဈေးနှုန်းအတက်အကျများစွာမရှိဘဲ ဈေးကွက်အခြေအနေပိုမိုကောင်းမွန်နေကြောင်း၊ယခုလ ၄ ရက်နေ့အထိ RSS IV အမျိုးအစား ရာဘာဈေးနှုန်းများသည် တစ်ကီလိုဂရမ်လျှင် ၁၈၉ ရူပီးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း Valy က ပြောကြားခဲ့သည်။
Harrisons Malayalam Ltd ၏ အမှုဆောင်အရာရှိချုပ် Santosh Kumar ၏ပြောကြားချက်အရ စိုက်ပျိုးသည့်ဒေသများတွင် မိုးစောစီးစွာရွာသွန်းခြင်းက လာမည့်လများတွင် ပိုမိုကောင်းမွန်သော ရိတ်သိမ်းမှုအတွက် မျှော်လင့်ချက်များ မြင့်တက်စေခဲ့ကြောင်း သိရသည်။
သို့ရာတွင် မကြာသေးမီနှစ်များအတွင်း တွေ့ကြုံခဲ့ရသော ရာသီဥတုနှင့်ပတ်သက်သည့် မရေရာမှုများအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း၊ နှစ်အစပိုင်းတွင် မုတ်သုံမိုးကောင်းစွာရွာသွန်းခြင်းသည် နောင်လာမည့်အခြေအနေများကို အမြဲတမ်းညွှန်ပြနိုင်မည်မဟုတ်ကြောင်း၊ မိုးရေချိန်ပမာဏသာမက မိုးရွာသွန်းမှုပုံစံ၊ မှိုရောဂါဖြစ်ပွားမှုနှင့် မကြာသေးမီကတွေ့ရှိရသော အရွက်ကြွေကျမှုတို့ကလည်း စိုက်ပျိုးသူများကို စိုးရိမ်ပူပန်စေကြောင်း သိရသည်။
နောက်ထပ်စိုးရိမ်စရာတစ်ခုမှာ ဈေးနှုန်းများဖြစ်ကြောင်း၊ မကြာသေးမီက နိုင်ငံ တကာဈေးကွက်တွင် အမျိုးမျိုးသောယူဆချက်များနှင့် ပထဝီနိုင်ငံရေးဆိုင်ရာဖြစ်ပေါ်တိုးတက်မှုများအပေါ်အခြေခံ၍ ဈေးနှုန်းများအနည်းငယ်အကျဖက်သို့ ရွှေ့လျားလျက်ရှိသည်ကို တွေ့ရှိရကြောင်း သိရသည်။
Source: The Hindu Businessline, Good monsoon likely to boost natural rubber production, June 4, 2025.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)