တရုတ်နိုင်ငံ၏ လျင်မြန်စွာတိုးတက်လျက်ရှိသော ကော်ဖီဈေးကွက်တွင် ဝယ်လို အားမြင့်တက်နေမှုကြောင့် တရုတ်ရင်းနှီးမြှုပ်နှံသူများပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယူဂန်ဒါရှိ ကော်ဖီစိုက်တောင်သူများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတည်ဆောက်ရန် ယူဂန်ဒါနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါအဖွဲ့သည် အရှေ့အာဖရိကရှိ ယူဂန်ဒါနိုင်ငံအရှေ့ပိုင်းနှင့် အနောက်ပိုင်းရှိ ကော်ဖီစိုက်တောင်သူများ၏ သမဝါယမစိုက်ခင်းများသို့ သွားရောက်လေ့လာခဲ့ပြီးနောက် တရုတ်သံရုံးနှင့် ယူဂန်ဒါအစိုးရတို့မှ တာဝန်ရှိသူများနှင့်အတူ တရုတ်နိုင်ငံသို့ ကော်ဖီတင်ပို့မှုမြှင့်တင်ရေးမဟာဗျူဟာများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
အဆိုပါခရီးစဉ်သည် နှစ်နိုင်ငံအကြား လယ်ယာထွက်ကုန်များကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးကို ခိုင်မာစေမည့် အရေးပါသောမှတ်တိုင်တစ်ခုဖြစ်သည်ဟု ယူဂန်ဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Vincent Bagiire က Uganda-China Coffee Trade and Investment Conference ၌ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါခရီးစဉ်၏ရည်ရွယ်ချက်သည် ယူဂန်ဒါနိုင်ငံ၏ကော်ဖီအလားအလာကိုပြသရန်၊ တန်ဖိုးမြှင့်ထုတ်လုပ်ခြင်းတွင် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်၊ ယူဂန်ဒါကော်ဖီကို တစ်ကမ္ဘာလုံး၌ ဈေးကွက်မြှင့်တင်ရန်ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့ပြီး အီသီယိုးပီးယားပြီးလျှင် အာဖရိက၏ဒုတိယအကြီးဆုံးကော်ဖီထုတ်လုပ်သူဖြစ်သည့် ယူဂန်ဒါနိုင်ငံသည် ကြီးမားသည့်တရုတ်စျေးကွက်သို့ ဝင်ရောက်ရန်ဆောင် ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံတွင် အရည်အသွေးမြင့်နှင့် အထူးကော်ဖီများကို ဝယ်လိုအား တိုးလာခြင်းကြောင့် ယူဂန်ဒါနိုင်ငံ၏အရည်အသွေးမြင့် အာရေဗီကာနှင့် ရိုဘတ်စတာကော်ဖီစေ့များသည် တရုတ်နိုင်ငံ၏ဝယ်လိုအားကို ဖြည့်ဆည်းရန်အဆင်သင့်ရှိသည်ဟု Bagiire မှပြောကြားခဲ့ပြီး တရုတ်နိုင်ငံသို့ ယူဂန်ဒါနိုင်ငံမှ ကော်ဖီတင်ပို့မှုမှာ သိသိသာသာမြင့်တက်လာခဲ့ပြီး ၂၀၂၅ ခုနှစ်၊ မတ်လတစ်လတည်း၌ပင် (၁၉၀) ရာခိုင်နှုန်းတိုးလာကာ အာရှတိုက်တွင် တရုတ်နိုင်ငံကို ယူဂန်ဒါ၏ဒုတိယမြောက် ကော်ဖီဈေးကွက်အဖြစ် သတ်မှတ်ထားကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံဆိုင်ရာ ယူဂန်ဒါသံအမတ်ကြီး Oliver Wonekha က အဆိုပါခရီးစဉ်သည် ကော်ဖီကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် ယူဂန်ဒါနှင့် တရုတ်နိုင်ငံတို့အကြား မျှဝေကတိကဝတ်ကို သက်သေပြလိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ယူဂန်ဒါ၏ကော်ဖီကဏ္ဍသည် နိုင်ငံ့စီးပွားရေး၏ အခြေခံအုတ်မြစ်ဖြစ်ပြီး အသေးစားတောင်သူလယ်သမားသန်းပေါင်းများစွာကို ပံ့ပိုးကူညီပေးကာ နိုင်ငံ၏ GDP ကို သိသိသာသာပံ့ပိုးပေးထားကြောင်း၊ နိုင်ငံတကာ၌ ယူဂန်ဒါ၏အာရေဗီကာနှင့် ရိုဘတ်စတာကော်ဖီမျိုးများကို ကြိုက်နှစ်မှုကြောင့် ယူဂန်ဒါသည် တရုတ်နိုင်ငံ၏ ကော်ဖီဈေးကွက်တွင်လည်း နှစ်စဉ်(၁၅)%တိုးတက်လျက်ရှိရာ တရုတ်နိုင်ငံ၏ တိုးတက်လျက်ရှိသော ကော်ဖီဈေးကွက်၏ဝယ်လိုအားကို ဖြည့်ဆည်းရန် ကောင်းမွန်သော အနေအထားတွင်ရှိနေကြောင်း Wonekha က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
ယူဂန်ဒါနိုင်ငံသည် အခက်အခဲများကိုကျော်လွှားကာ ၎င်းတို့၏ကော်ဖီကို တရုတ်နိုင်ငံရှိ ကော်ဖီသောက်သုံးသူများထံသို့ ရောက်ရှိစေရန် ဆောင်ရွက်မည်ဟု ကတိပြုထားကြောင်း၊ "ယူဂန်ဒါနိုင်ငံ၏ ကော်ဖီထုတ်လုပ်မှုနှင့် တရုတ်နိုင်ငံ၏ ကြီးမားသည့်ဈေးကွက်ကို အသုံးချကာ ဖက်စပ်လုပ်ငန်းများကို တည်ထောင်နိုင်ရေး အတူ တကွပူးပေါင်းဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများနှင့် ပြုပြင်ထုတ်လုပ်မှုများကို မြှင့်တင်ရန်အတွက် နည်းပညာလွှဲပြောင်းမှုကို ဦးစားပေးဆောင်ရွက်ကြရန်လည်း Wonekha က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
တရုတ်ကိုယ်စားလှယ်အဖွဲ့သည် ယူဂန်ဒါ၏ ကော်ဖီတန်ဖိုးကွင်းဆက်တစ်လျှောက်လုံးတွင် ကျွမ်းကျင်ပိုင်နိုင်မှုကို သဘောကျခဲ့ကြောင်း၊ ယူဂန်ဒါနိုင်ငံရှိကော်ဖီလုပ်ငန်းသည် ခေတ်မီဆန်းသစ်သော အသွင်ကူးပြောင်းမှုကို မြင့်တွေ့ရကြောင်း၊ ရိုဘတ်စတာကော်ဖီ သို့မဟုတ် အာရေဗီကာကော်ဖီစိုက်ဧရိယာအများစုသည် နိုင်ငံ တကာစံနှုန်းများဖြင့် ပြည်စုံသည်ဟု Guangzhou Yike Food Company ၏ အမှုဆောင်ဒါရိုက်တာ Feng Zhiqiang က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ယူဂန်ဒါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Lizhong က တရုတ်နိုင်ငံ၏ ကော်ဖီသောက်သုံးမှုသည် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း (၁၆၇)ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့ပြီး နှစ်စဉ်တန်ချိန်(၃၅၀,၀၀၀)အထိ ရောက်ရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ကော်ဖီတင်သွင်းမှုသည် တစ်နှစ်ထက်တစ်နှစ်(၂၀)ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၈၄၀)နီးပါးရှိကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံနှင့် အာဖရိကတို့သည် ခေတ်မီတိုးတက်ရေးလမ်းကြောင်းပေါ်ရှိ မိတ်ဖက်ကောင်းများဖြစ်ကြပြီး အာဖရိကနိုင်ငံများ၏ လွတ်လပ်သောဖွံ့ဖြိုးတိုးတက်မှုနှင့် ကိုယ်ပိုင်အားကိုးမှုကို တရုတ်နိုင်ငံက ထောက်ခံကြောင်း တရုတ်သံအမတ်ကြီးက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
ကော်ဖီသည် စီးပွားရေးအသွင်ကူးပြောင်းမှုကို မြှင့်တင်ရန်အတွက် ယူဂန်ဒါ၏ အဓိကဦးစားပေး ကုန်စည်များအနက်မှတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်းရှိ အိမ်ထောင်စု(၁.၇)သန်းခန့်သည် ကော်ဖီထုတ်လုပ်မှုအပေါ် မှီခိုနေရကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
ပြီးခဲ့သည့်နှစ်က စိုက်ပျိုးရေးဝန်ကြီးဌာန၏အဆိုအရ ယူဂန်ဒါနိုင်ငံသည် နှစ်ပေါင်း (၃၀)အတွင်း ကော်ဖီမှ နိုင်ငံခြားငွေအမြင့်ဆုံးရရှိခဲ့ကြောင်း၊ နိုင်ငံသည် ၂၀၂၃/ ၂၀၂၄ ဘဏ္ဍာနှစ်တွင် ကော်ဖီတင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁.၁၄)ဘီလီယံရရှိခဲ့ပြီး ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ (၈၄၆)သန်းပိုများကြောင်း သိရှိရပါသည်။
(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)