International News

ဥရောပပါလီမန်ကော်မတီက အမေရိကန်ကုန်ပစ္စည်းများအပေါ် အခွန်များဖယ်ရှားရန် မဲပေးအတည်ပြုခြင်း

Last Updated:

ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်နိုင်ငံနှင့်ချုပ်ဆိုထားသည့် ကုန်သွယ်ရေးသဘောတူညီချက်ကို ဇူလိုင်လ ၄ ရက်နေ့နောက်ဆုံးထား၍ အတည်ပြုရန်နှင့် အတည်ပြုခြင်းမရှိပါက ဥရောပကုန်ပစ္စည်းများအပေါ် ပိုမိုမြင့်မားသော အကောက် ခွန်များချမှတ်မည်ဟု အမေရိကန်သမ္မတက ခြိမ်းခြောက်ပြောကြားခဲ့ပါသည်။ အဆိုပါကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို ဥရောပပါလီမန်မှ ဇွန်လ အလယ်ပိုင်းတွင်ပြုလုပ်မည့် မျကနှာစုံညီအစည်းအဝေးတွင်  တရားဝင်အတည်ပြုပေးရန် လိုအပ်နေဆဲဖြစ်ပါသည်။

၂၀၂၆ခုနှစ်၊ ဇွန်လ ၂ ရက်(အင်္ဂါနေ့)တွင် ဥရောပပါလီမန်ကုန်သွယ်ရေးကော်မတီမှ အမေရိကန်ကုန်ပစ္စည်းအမျိုးအစားများစွာအပေါ် EU မှကောက်ခံနေသော သွင်းကုန်အခွန်နှုန်းများကို ဖယ်ရှား ပေးရန်အတွက် ဥပဒေပြဋ္ဌာန်းရန် မဲခွဲဆုံးဖြစ်ခဲ့ရာ ထောက်ခံမဲ ၃၁ မဲ၊ ကန့်ကွက်မဲ ၆ မဲနှင့် မဲမပေးသူ ၃ ဦးရှိခဲ့ရာ ထောက်ခံမဲအများစုဖြင့်အတည်ပြုခဲ့ပါသည်။ အဆိုပါမဲပေးမှုတွင် အမေရိကန်မှ တင်သွင်းသော Lobster ပုစွန်များအတွက် အခွန်ကင်းလွတ်ခွင့်ကို ဆက်လက်ထားရှိရန်လည်း ထောက်ခံမဲပေးခဲ့ကြောင်း ဖော်ပြထားပါသည်။ ဥပဒေအတည်ပြုခြင်းကို ဇွန်လအလယ်ပိုင်းတွင် ကျင်းပပြုလုပ်မည့် ဥရောပပါလီမန် မျက်နှာစုံညီအစည်းအဝေးတွင် အတည်ပြုနိုင်မည်ဟု မျှော်လင့်ရကြောင်း ဖော်ပြထားပါသည်။

ကုန်သွယ်ရေးသဘောတူညီချက်တွင်ပါရှိသည့် အခွန်လျှော့ချမှုများသည် ယခင်နှစ် ဇူလိုင်လတွင် သဘောတူညီခဲ့သည့် ဥရောပသမဂ္ဂနှင့် အမေရိကန်အကြားရှိ ကုန်သွယ်ရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ရာတွင် အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ထို့အပြင် အတ္တလန်တိတ်ဖြတ်ကျော်ကုန်သွယ်ရေးအငြင်းပွားမှုများ တစ်ဖန်ပြန်လည်ဖြစ်ပွားခြင်းကိုလည်း မဖြစ်ပေါ်စေရန် တားဆီးပေးနိုင်မည်ဖြစ်ပါသည်။

အမေရိကန်နိုင်ငံသည် ဥရောပ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ်စဉ်ကုန် ပစ္စည်းနှင့် ဝန်ဆောင်မှုကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂ ထရီလီယံ(ယူရို ၁.၇ ထရီလီယံ)ခန့်ရှိကြောင်း၊ ယခုသဘောတူညီချက်အရ အမေရိကန်သို့တင်သွင်းသော ဥရောပကုန်ပစ္စည်းအများစုအပေါ် ကောက်ခံမည့်အခွန်နှုန်းကို ၁၅ ရာခိုင်နှုန်းအထိသာထားရှိမည့် ကန့်သတ်ချက်များပါရှိပြီး အပြန်အလှန်အားဖြင့် ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်၏စက်မှုထုတ်ကုန်များအပေါ် ကောက်ခံနေသည့် အခွန်များကို ဖယ်ရှားပေးမည်ဖြစ်ကာ ဝက်သား၊ နို့ထွက်ပစ္စည်းများနှင့် ပင်လယ်စာများကဲ့သို့သော အမေရိကန်စိုက်ပျိုးရေးထုတ်ကုန်များအတွက် ဈေးကွက်ဝင်ရောက်ခွင့်ပိုမိုလွယ်ကူစေရန် လုပ်ဆောင်ပေးမည့် ကတိကဝတ်များ ပါရှိပါသည်။         

သဘောတူညီချက်ကို ၂၀၂၅ ခုနှစ်က ဆွေးနွေးခဲ့သော်လည်း အတည်ပြုရန်နှောင့်နှေးနေရသည့် အချက်များတွင် အမေရိကန်နှင့် EU အကြား နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေသော အကြောင်းအချက်များစွာအနက်မှ အမေရိကန်သမ္မတ၏ အခြားသောအခွန်တိုးမြှင့်ရေး ခြိမ်းခြောက်ခြင်းများပြုလုပ်မှု၊ Greenland ကို ပိုင်ဆိုင်ခွင့်ရရှိရန် ကြိုးပမ်းမှုနှင့်စပ်လျဉ်းသော အငြင်းပွားမှုများနှင့် အမေရိကန် တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကြောင့် အခွန်နှုန်းထားများအပေါ် သက်ရောက်မှုများ စသည့်အချက်များသည် EU အနေဖြင့် သဘောတူညီချက်အတည်ပြုရေးလုပ်ငန်း စဉ်ကို လုပ်ဆောင်ရန်နှေးကွေးစေသည့် အချက်များဖြစ်ကြောင်း ဖော်ပြထားပါ သည်။

EU ဥပဒေပြုအမတ်များအနေဖြင့် ၂၀၂၆ ခုနှစ်၊ မတ်လက သဘောတူညီချက်ကို ခွင့်ပြုပေးခဲ့သော်လည်း အမေရိကန်က ၎င်း၏ကတိကဝတ်များကို မလိုက်နာပါက အသုံးပြုနိုင်မည့် Safeguard အစီအမံများကိုလည်း ရှာဖွေနေခဲ့ပါသည်။ သို့သော် အဆိုပါအစီအမံအချို့ကို အမေရိကန်နှင့် ကုန်သွယ်ရေးတင်းမာမှုများ ပြန်လည်မဖြစ်ပွားစေရန်နှင့် ဥရောပရှိ စီးပွားရေးလုပ်ငန်းများအတွက် မသေချာမှုများဖြစ်ပေါ် လာခြင်းမှရှောင်ရှားရန် ပြန်လည်လျှော့ချခဲ့ကြောင်း ဖော်ပြထားပါသည်။

သဘောတူညီချက်ကို အသစ်ပြန်လည်သက်တမ်းတိုးမည့်ဥပဒေမရှိခဲ့ပါက ၂၀၂၈ ခုနှစ် မတ်လတွင် အလိုအလျောက်အဆုံးသတ်မည့် "Sunset Clause" ကိုထည့်သွင်းရန်ကိစ္စကို၂၀၂၉ ခုနှစ်ကုန်အထိ ရွှေ့ဆိုင်းထားပြီး ထိုအချိန်သည် အမေရိကန်သမ္မတ၏သမ္မတသက်တမ်းကုန်ဆုံးပြီးနောက်အချိန်ဖြစ်ပါသည်။ထို့အပြင် သဘော တူညီချက်စာသားတွင် သံမဏိအစိတ်အပိုင်းများအပေါ် ၁၅ ရာခိုင်နှုန်းထက် ပိုမိုသောအခွန်များကို ၂၀၂၆ ခုနှစ်ကုန်မတိုင်မီ ဖယ်ရှားရန် အမေရိကန်ကို အချိန်ပေးထားကြောင်းနှင့် အဆိုပါအချက်ကို သဘောတူညီချက်အတည်ပြုရေးအတွက် ကြိုတင်လိုအပ်ချက်အဖြစ် သတ်မှတ်ထားခြင်းမရှိကြောင်း ဖော်ပြထားပါသည်။ သို့သော် အမေရိကန်ဘက်မှ ၎င်း၏ကတိကဝတ်များကို အကောင်အထည်ဖော်ပြီးမှသာ EU ဘက်၏ သဘောတူညီချက်အစိတ်အပိုင်းများ စတင်အသက်ဝင်မည်ဆိုသည့် "Sunrise Clause" ကိုမူ ဖယ်ရှားခဲ့ကြောင်း ဖော်ပြထားပါသည်။

Source: https://www.dw.com/en/european-parliament-committee-votes-to-scrap-us-tariffs/a-77387567

(ယုသီရိဗို၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: International News