ကိုရီးယားသမ္မတနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက အရှေ့အလယ်ပိုင်းစစ်ပွဲ ရှည်လျားလာနေမှုကြောင့်ဖြစ်ပေါ်လာသော ကုန်ဈေးနှုန်းမြင့်တက်မှုများကို ထိန်းချုပ်နိုင်ရန် အစိုးရအနေဖြင့် ဆောင်ရွက်ချက်များထုတ်ပြန်သွားမည်ဖြစ် ကြောင်း ၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ထိုဆောင်ရွက်ချက်များသည် လက်ရှိအစိုးရ၏ ပထမနှစ်တာကာလအတွင်း ရရှိခဲ့သော စီးပွားရေးအောင်မြင်မှုများအပေါ် အခြေခံကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဘဏ္ဍာရေးဒုဝန်ကြီး(၁) Lee Hyoung-il သည် သမ္မတ Lee Jae-myung တာဝန်ထမ်းဆောင်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်မတိုင်မီ ဆိုးလ်မြို့တွင် ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးအတွင်း အဆိုပါအစီအစဉ်ကို ကြေညာခဲ့ကြောင်း ဘဏ္ဍာ ရေးနှင့် စီးပွားရေးဝန်ကြီးဌာနက ဖော်ပြချက်အရ သိရှိရပါသည်။
အစည်းအဝေးအတွင်း ဒုဝန်ကြီးက ၂၀၂၄ ခုနှစ် နှောင်းပိုင်းတွင်ဖြစ်ပွားခဲ့သော မအောင်မြင်သည့် စစ်အုပ်ချုပ်ရေးကြေညာရန် ကြိုးပမ်းမှု၏နောက်ဆက်တွဲ သက်ရောက်မှုများကို တောင်ကိုရီးယားနိုင်ငံအနေဖြင့် လျှင်မြန်စွာ ကျော်လွှားနိုင်ခဲ့ကြောင်း၊ ထို့အပြင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း စီးပွားရေးသည် ယခင်သုံးလပတ်နှင့်နှိုင်းယှဉ်ပါက ၁.၇ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့ပါသည်။
အစိုးရသည် ပြည်သူများ၏ လူနေမှုကုန်ကျစရိတ်များကို တည်ငြိမ်အောင်ထိန်းသိမ်းနိုင်ခဲ့ပြီး Artificial Intelligence(AI)နည်းပညာများဦးဆောင်သော စက်မှုကဏ္ဍပြောင်းလဲမှုကိုလည်း အားပေးဆောင်ရွက်ခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ၏အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားကြောင်း၊ ထို့အပြင် ဘဏ္ဍာရေးဈေးကွက်ပြန်လည်အသက်ဝင်လာစေရန်လည်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ထိုကဲ့သို့သောကြိုးပမ်းဆောင်ရွက်မှုများအပေါ်အခြေခံ၍ ကမ္ဘာလုံးဆိုင်ရာ အဓိကရင်းနှီး မြှုပ်နှံမှုဘဏ်ကြီး ၈ ခုက ၂၀၂၆ ခုနှစ်အတွက် တောင်ကိုရီးယား၏စီးပွားရေးတိုးတက်မှုနှုန်းကို ၂.၆ ရာခိုင်နှုန်းအထိရှိလာမည်ဟု ခန့်မှန်းထားကြောင်း ဘဏ္ဍာ ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ ယခင်ခန့်မှန်းချက်မှာ ၂.၁ ရာခိုင်နှုန်းသာဖြစ်ကြောင်း သိရှိရပါသည်။
ထို့အပြင် တောင်ကိုရီးယားနိုင်ငံ၏ အဓိကစတော့ဈေးကွက်သည် ၂၀၂၅ ခုနှစ် ဇွန်လက ကမ္ဘာ့အဆင့် ၁၃ မှ ၂၀၂၆ ခုနှစ်တွင် ကမ္ဘာ့အဆင့် ၈ အထိမြင့်တက်လာခဲ့ကြောင်း အဆိုပါဝန်ကြီးဌာန၏ပြောကြားချက်အရ သိရှိရပါသည်။ “ဤကဲ့သို့ ခိုင်မာသောစီးပွားရေးအခြေခံများကို ထည့်သွင်းစဉ်းစားပြီး နိုင်ငံတကာ Credit Rating Agencies ကြီးများက တောင်ကိုရီးယား၏ Credit Rating များကို တည်ငြိမ်သည့်အဆင့်တွင် ဆက်လက်ထားရှိခဲ့ကြကြောင်း၊ ယင်းသည် အခြားနိုင်ငံများက ကိုရီးယားစီးပွားရေးအပေါ် အပြုသဘောဆောင်သောသုံးသပ်ချက်များပေးနေမှုကို ပြသနေသည်”ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့ပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနက “လက်တွေ့ကျမှုနှင့် ရလဒ်အခြေပြုစွမ်းဆောင် နိုင်မှု”(Pragmatism and Performance)ဆိုသည့်မူဝါဒအောက်တွင် စီးပွားရေး တိုးတက်မှုကို ဆက်လက်အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ရရှိလာသည့် အောင်မြင်မှုများကိုလည်း ပြည်သူများနှင့် မျှဝေခံစားနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
“တောင်ကိုရီးယားအစိုးရသည် ဓာတ်ဆီဈေးနှုန်းများကို ကန့်သတ်ထိန်းချုပ်ခြင်းကဲ့သို့သောကြိုတင်ကာကွယ်ရေးဆောင်ရွက်ချက်များကို လုပ်ဆောင်ခြင်းအားဖြင့် ဈေးနှုန်းဖိအားများကို လျော့ပါးစေနိုင်ခဲ့ကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလမှစတင်၍ သမ္မတ၏ညွှန်ကြားချက်အရ အစိုးရသည် consumer prices နှင့်ပတ်သက်သော interagency task force ကိုဖွဲ့စည်းကာ လည်ပတ်ဆောင်ရွက်လျက်ရှိသည်” ဟု ဘဏ္ဍာရေးဒုတိယဝန်ကြီးက ပြောကြားခဲ့ ပါသည်။
“ကျွန်ုပ်တို့သည် မမျှတသော စီးပွားရေးအလေ့အကျင့်များကို တင်းကြပ်စွာ အရေးယသွားမည်ဖြစ်ပြီး၊ ကျောင်းယူနီဖောင်းစရိတ်၊ ပြုပြင်ထိန်းသိမ်းရေးစရိတ်၊ ကျူရှင်စရိတ်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှုခများကဲ့သို့ ပြည်သူ့နေ့စဉ်ဘဝနှင့်နီးကပ်စွာ ဆက်နွယ်နေသော ကဏ္ဍများတွင် ဈေးနှုန်းတည်ငြိမ်ရေးကို အလေးပေးဆောင်ရွက်သွားမည်” ဟုလည်း ၎င်းက ထပ်မံပြောကြားခဲ့ပါသည်။
(ဝင်းပပသူ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)