ကမ္ဘာနှင့် ပြည်တွင်းစိန်ခေါ်မှုများကြောင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအပေါ် ၁.၈ ရာခိုင်နှုန်းနှင့် ၂၀၂၆ ခုနှစ်အတွက် တိုးတက်မှုနှုန်းကို ၁.၇ ရာခိုင်နှုန်းသို့ ကမ္ဘာ့ဘဏ်က လျော့နည်းခန့်မှန်းထားကြောင်း သိရှိရပါသည်။
၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ GDP သည် ၂.၅ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့သဖြင့် ယခုနှစ်စီးပွားရေးတိုးတက်မှုကို ၂.၉ ရာခိုင်နှုန်းနှင့် ၂၀၂၆ ခုနှစ်အတွက် ၂.၇ ရာခိုင်နှုန်းစသည်ဖြင့် ဖေဖော်ဝါရီလအတွင်း၌ ခန့်မှန်းထားခဲ့သော်လည်း ပို့ကုန်အားနည်းလာခြင်းနှင့် ခရီးသွားကဏ္ဍကျဆင်းခြင်းတို့အပြင် ပြည်တွင်းဝယ်လိုအားကျဆင်းခဲ့မှုတို့ကြောင့် ခန့်မှန်းချက်ကိုလျှော့ချခဲ့ရာ နိုင်ငံအဆင့်စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကောင်စီနှင့် ဗဟိုဘဏ်တို့၏ခန့်မှန်းချက်နှင့်ကိုက်ညီပါကြောင်း၊ အိမ် ထောင်စုများတွင် ဝင်ငွေအားနည်းလာခြင်းကြောင့် ယခုနှစ်အတွက် ပုဂ္ဂလိကစားသုံးမှုသည် အလယ်အလတ်ဖြစ်နိုင်ပြီး ဘဏ္ဍာရေးလှုံ့ဆော်မှုနှင့်အစီအမံများကြောင့် အချို့တွင်သက်သာရာရနိုင်ကြောင်း ကမ္ဘာ့ဘဏ်(ထိုင်း)၏အကြီးတန်းစီးပွားရေးပညာရှင် Mr. Kiatipong Ariyapruchya က ပြောကြားခဲ့သည်။
အစိုးရရင်းနှီးမြှုပ်နှံမှုသည် ယခင်နှစ်အတွင်း နှောင့်နှေးမှုများကို ဆွဲတင်သွားနိုင်ရန် မျှော်မှန်းထားခဲ့ပြီး ပုဂ္ဂလိကကဏ္ဍဆောင်ရွက်ချက်များနှေးကွေးနေမှုကို တစ်စိတ်တစ်ပိုင်းခုနှိမ်သွားနိုင်ကြောင်း၊ စီးပွားရေးအလားအလာတွင် အတက်၊ အကျဆုံးရှုံးနိုင်ချေများရှိရာ ကမ္ဘာ့ကုန်သွယ်ရေးတင်းမာမှုများ သက်သာပြီး ပုဂ္ဂလိကရင်းနှီး မြှုပ်နှံမှုအတန်အသင့်တိုးတက်မှုရှိပါက အတက်ပိုင်းတွင် GDP သည် ၂.၂ ရာခိုင်နှုန်းထိတိုးတက်နိုင်ကြောင်း၊ နိုင်ငံတွင်း၌ ဘဏ္ဍာရေးလှုံ့ဆော်မှုကို ထိထိရောက်ရောက်အသုံးချနိုင်ပြီး အရည်အသွေးမြင့်အခြေခံအဆောက်အဦရင်းနှီးမြှုပ်နှံမှုသည် တိုးတက်မှုကို ထောက်ပံ့ပေးနိုင်ကြောင်း၊ အကျဖက်တွင် ကမ္ဘာ့ကုန်သွယ်ရေးတင်းမာမှုအရှိန်မြင့်တက်လာပြီး ခရီးသွားကဏ္ဍပြန်လည်ကောင်းမွန်မှုတည်ငြိမ်နေပါက ပို့ကုန်များနှင့်ဝန်ဆောင်မှုအပေါ် ဖိအားဖြစ်စေမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထောက်ပြထားပါသည်။
နိုင်ငံရေးမတည်ငြိမ်မှုသည် လာမည့်နှစ်အတွက် ဘဏ္ဍာရေးခွင့်ပြုချက်နှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနှင့် တိုးတက်မှုအပေါ် သက်ရောက်စေမည့် အစိုးရ၏အခြေခံအဆောက်အဦရင်းနှီးမြှုပ်နှံမှုကို နှောင့်နှေးစေမည်ဖြစ်ကြောင်း၊ အသုံးစရိတ်မြင့်တက်လာပြီး ဝင်ငွေတိုးတက်မှုနှေးကွေးနေခြင်းကြောင့် ဘဏ္ဍာရေးအတွက် နေရာကျန်ကျဉ်းမြောင်းနေပါကြောင်း၊ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း ဘဏ္ဍာရေးလိုငွေသည် GDP ၏ ၆.၃ ရာခိုင်နှုန်းသို့ မြင့်တက်လာပါကြောင်း၊ ပြည်သူ့ကြွေးမြီသည် GDP ၏ ၆၄.၄ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ပါကြောင်း၊ ၂၀၂၅ ခုနှစ်အတွက် ငွေကြေးဖောင်းပွမှုနှုန်းသည် ပျမ်းမျှခန့်မှန်းချက် ၀.၃ ရာခိုင်နှုန်းတွင်ရှိနိုင်ပြီး ၂၀၂၆ ခုနှစ်အတွက်မူ ၁ ရာခိုင်နှုန်းသို့မြင့်တက်နိုင်ကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်းနည်းပါးခြင်းသည် ငွေကြေးအတွက် သက်သာစေမည့်နေရာတစ်ခုဖြစ်ပြီး ဝယ်လို အား အားနည်းနေမှုနှင့်ထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကိုမြှင့်တင်ရန် ပြုပြင်ပြောင်းလဲရေးဆိုင်ရာလိုအပ်ချက်ကို လျော့နည်းသတ်မှတ်ထားမှုရှိနေသေးသည်ကို ပြသပါကြောင်း Mr. Kiatip-ong က သုံးသပ်ထားပါသည်။
စိန်ခေါ်မှုများကို ဖြေရှင်းရန် ထိုင်းနိုင်ငံအနေဖြင့် ဒီဂျစ်တယ်ဝန်ဆောင်မှုကဲ့သို့သော တိုးတက်မှု စက်ယန္တရားအသစ်တွင် ထုတ်လုပ်မှုတိုးမြှင့်မည့်ပြုပြင်ပြောင်းလဲရေးကို အာရုံစိုက်သင့်ပြီး အရည်အသွေးရှိသော ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ခြင်းနှင့် ကုန်သွယ်ရေးမိတ်ဖက်များကို ခွဲခြမ်းစိတ်ဖြာသင့်ကြောင်း၊ ကာလတိုတွင် ဘဏ္ဍာ ရေးတည်ငြိမ်မှုကို ထိန်းနေစဉ်တွင် အစိုးရရင်းနှီးမြှုပ်နှံမှုကိုဦးတည်မည့် ဘဏ္ဍာရေး မူဝါဒကို ပြန်လည်ဘက်မျှခြင်းသည် ဆုံးရှုံးမှုအန္တရာယ်များကို လျော့ပါးစေပြီး အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သောပြန်လည်ကောင်းမွန်လာရန် အရေးကြီးပါကြောင်း Mr. Kiatipong က ဖြည့်စွက်းသပ်ထားပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)