စင်ကာပူနိုင်ငံ၊ ယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင်(Competition and Consumer Commission of Singapore-CCCS)က ၎င်း၏လုပ် ထုံးလုပ်နည်းပိုင်းဆိုင်ရာလုပ်ငန်းစဉ်များကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစ၍ တိုးချဲ့ဆောင်ရွက်မည်ဖြစ်ပါသည်။ ယှဉ်ပြိုင်မှုအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအသက်ဝင်မှုနှင့်အတူ Enterprise Singapore တွင်ဆောင်ရွက်လျက်ရှိသည့် စားသုံးသူကုန်စည်များဘေးကင်းရေးနှင့် ကုန်စည်များ၏စံနှုန်းများကို တိုင်းတာခြင်းနှင့်စပ်လျဉ်းသည့် ဥပဒေပိုင်း ဆိုင်ရာလုပ်ငန်းစဉ်များ(legal metrology functions)ကို CCCS သို့လွှဲပြောင်းဆောင်ရွက်စေမည်ဖြစ်ပါသည်။
စားသုံးသူကုန်စည်ဘေးကင်းရေးရုံး(Consumer Product Safety Office-CPSO)နှင့် အလေးချိန်နှင့် တိုင်းတာရေးရုံး(Weights and Measures Office-WMO)တို့သည် CCCS သို့ အစီရင်ခံတင်ပြရမည်ဖြစ်ပြီး စားသုံးသူများကို အကာအကွယ်ပေးရေးကိစ္စရပ်များတွင် အေဂျင်စီ ၏လုပ်ထုံးလုပ်နည်းဆိုင်ရာကြီးကြပ်မှုကို ပိုမိုအားကောင်းစေမည်ဖြစ်ပါ သည်။ စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများသည် မျှတသည့် ကုန်သွယ်မှုအလေ့အကျင့်များ၊ စားသုံးသူကုန်စည်များဘေးကင်းရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ အလေးချိန်နှင့်တိုင်းတာမှုဆိုင် ရာလိုက်နာရမည့်စည်းကမ်းများနှင့်စပ်လျဉ်း၍ CCCS သို့ ဆက်သွယ်နိုင်မည်ဖြစ်ပါသည်။
CCCS ၌ စားသုံးသူအကာအကွယ်ပေးရေး၊ ကုန်စည်များ၏စံနှုန်းများကို တိုင်းတာခြင်းနှင့်စပ်လျဉ်းသည့် ဥပဒေပိုင်းဆိုင်ရာလုပ်ငန်းစဉ်များနှင့် ယှဉ်ပြိုင်မှုလုပ်ငန်းစဉ်များကို တစ်စုတစ်စည်းတည်းပေါင်းစည်းခြင်းသည် အေဂျင်စီ၏ရည်မှန်းချက်ဖြစ်သည့် စင်ကာပူနိုင်ငံ၏ ဈေးကွက်ကောင်းမွန်စွာလည်ပတ်ရေးဖြစ်စေရေး အလေးပေးဆောင်ရွက်မှုဖြစ်ပါ သည်။ စင်ကာပူနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများသည် ကုန်စည်များရောင်း ချရာတွင် လိုအပ်သည့်ဘေးကင်းရေးစံနှုန်းများကို ပြည့်မီရမည်ဖြစ်ပြီး တိကျသည့်တိုင်းတာမှုများကို ချမှတ်ရမည်ဖြစ်ပါသည်။ ထိုသို့စံနှုန်းသတ်မှတ်ချက်များကို လိုက်နာခြင်းသည် မျှတသည့်ယှဉ်ပြိုင်မှုကိုဖြစ်ပေါ်စေပြီး စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအတွက် ပိုမိုကောင်း မွန်သည့် အခွင့်အလမ်းများလည်းဖြစ်ပါသည်။CCCSအနေဖြင့် ဈေးကွက် ခိုင်မာရေး၊ စီးပွားရေးတွင် တီထွင်ဆန်းသစ်မှုများကို မြှင့်တင်ရေးနှင့် စီးပွားရေးအချက်အချာကျသည့်နေရာတစ်ခုအဖြစ် စင်ကာပူနိုင်ငံ၏ ရပ်တည်ချက်ကို ပိုမိုအဆင့်မြှင့်နိုင်မည့် ယုံကြည်စိတ်ချရသော ကုန်သွယ်မှုဝန်းကျင်ကို အားပေးမြှင့်တင်ရေး ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
CCCS နှင့် Enterprise Singapore တို့သည် လွှဲပြောင်းရေးလုပ်ငန်းစဉ်များအတွက် အတူတကွပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး လုပ်ထုံးလုပ် နည်းပိုင်းဆိုင်ရာ လိုအပ်သည့်အချက်အလက်များ၊ မှတ်ပုံတင်များနှင့် CPSO နှင့် WMO တို့က ထုတ်ပေးသည့် အသိအမှတ်ပြုလက်မှတ်များ သည် CCCS ၏စီမံအုပ်ချုပ်မှုတွင် ဆက်လက်အကျုံးဝင်မည်ဖြစ်ပါ သည်။
“CCCS တွင် စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းစဉ်များပေါင်းစည်းခြင်းသည် စင်ကာပူနိုင်ငံ၏ စားသုံးသူအကာအကွယ်ပေးရေးမူဘောင်ကို ခိုင်မာအားကောင်းစေရေး သိသာထင်ရှားသည့် မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ စားသုံးသူအကာအကွယ်ပေးရေးလုပ်ထုံးလုပ်နည်းမူဘောင်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ရှာဖွေနိုင်မည်ဖြစ်ကြောင်း၊ အကူးအပြောင်းလုပ်ငန်းစဉ်များချောမွေ့စေရန်နှင့် စင်ကာပူနိုင်ငံ၏ ဂုဏ်သတင်းနှင့် ဈေးကွက်ကောင်းမွန်မှုကိုမြှင့်တင်ရန်အတွက် သက်ဆိုင်ရာလူပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” CCCS ၏အမှု ဆောင်ချုပ် Mr. Alvin Ko က ပြောကြားခဲ့ပါသည်။
ရင်းမြစ်။ စင်ကာပူနိုင်ငံ၊ ယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင်
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)