International News

အင်ဒိုနီးရှားနိုင်ငံ Semarang မြို့၊ Palembang မြို့နှင့် Belitung ကျွန်းတို့သို့ စင်ကာပူနိုင်ငံမှ လေကြောင်းခရီးစဉ်အသစ်များပျံသန်းနိုင်ရေး ချန်ဂီလေဆိပ်အုပ်စု လေ့လာစူးစမ်းလျက်ရှိ

Last Updated:

အင်ဒိုနီးရှားနိုင်ငံ Semarang မြို့၊ Palembang မြို့နှင့် Belitung ကျွန်းတို့နှင့် စင်ကာပူမြို့တို့အကြား လေကြောင်းခရီးစဉ်အသစ်များဖြစ်ပေါ်လာနိုင်ခြေရှိကြောင်း The Straits Times သတင်းစာတွင် ဖော်ပြထားပါသည်။

အဆိုပါနေရာ ၃ နေရာသို့ လေကြောင်းခရီးစဉ်များ ပျံသန်းနိုင်ရန်နှင့် စင်ကာပူနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံအကြား လေကြောင်းချိတ်ဆက်မှုကို တိုးချဲ့ရန်အတွက် အခွင့် အလမ်းများကို ရှာဖွေကြရန် လေကြောင်းလိုင်းများနှင့် ဆွေးနွေးလျက်ရှိကြောင်း ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့က ချန်ဂီ လေဆိပ်အုပ်စု(Changi Airport Group-CAG)က ပြောကြားခဲ့ပါသည်။

နှစ်နိုင်ငံအကြား လေကြောင်းခရီးစဉ်များတိုးချဲ့ရန် စီစဉ်မှုသည် အင်ဒိုနီးရှားသမ္မတ Prabowo Subianto ၏ဇွန်လ ၁၆ ရက်နေ့တွင် စင်ကာပူနိုင်ငံသို့လာရောက်ခဲ့သည့် ခရီးစဉ်အပြီးနောက်ပိုင်းတွင် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ သမ္မတ Prabowo Subianto က အင်ဒိုနီးရှားနိုင်ငံရှိ လေဆိပ်များအားလုံးတွင် တိုက်ရိုက်အပြည်ပြည်ဆိုင်ရာလေကြောင်းချိတ်ဆက်မှုများရရှိရေးကို တွန်းအားပေးဆောင်ရွက်ရန် သက် ဆိုင်ရာဝန်ကြီးဌာနများကို လမ်းညွှန်ခဲ့ပါသည်။ “လေဆိပ်များတွင် အခြေခံ အဆောက်အအုံများ အဆင့်မြှင့်တင်ရန်နှင့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်များတိုးတက်ရန်လိုအပ်လျက်ရှိကြောင်း၊ သို့ရာတွင် လေဆိပ်များအားလုံးတွင် လွယ်ကူချောမွေ့စေလိုကြောင်း” သမ္မတ Prabowo Subianto ပြောကြားခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှစ၍ စင်ကာပူနိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံ Kertajati လေဆိပ်နှင့် ဒီဇင်ဘာလမှစ၍ Padang မြို့တို့သို့ လေကြောင်းခရီးစဉ်များတိုးချဲ့ပြေးဆွဲခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် အင်ဒိုနီးရှားအာဏာပိုင်တို့က ပြည်တွင်းလေကြောင်းလိုင်းများကို အားပေးသည့် ဆောင်ရွက်မှုတစ်ခုအနေဖြင့် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ၃၄ ခုမှ ၁၇ ခုသို့ လျှော့ချခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ မေလတွင် Semarang မြို့၊ Palembang မြို့နှင့် Belitung ကျွန်းတို့ရှိ လေဆိပ်များကို အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းများ ဆိုက်ရောက်ရန်ပြန်လည်ခွင့်ပြုခဲ့ပါ သည်။

Semarang မြို့သည် ဆိပ်ကမ်းမြို့ဖြစ်ပြီး ဒက်ချ်ကိုလိုနီခေတ်ဗိသုကာလက်ရာများနှင့် မတူကွဲပြားသည့် ယဉ်ကျေးမှုများကြောင့် လူသိများပြီး တိုင်းရင်းသားတရုတ်လူမျိုးများ၏နေထိုင်ရာမြို့ဖြစ်ပါသည်။ကမ္ဘာ့အကြီးဆုံးဗုဒ္ဓဘုရားကျောင်းနှင့်ယူနက် စကိုကမ္ဘာ့အမွေအနှစ်ဖြစ်သည့် Borobudur ဘုရားကျောင်းတည်ရှိရာနေရာနှင့်လည်းနီးသည့်မြို့ဖြစ်ပါသည်။ Palembang မြို့သည် အရှေ့တောင်အာရှတွင်ဒုတိ ယရှေးအကျဆုံးမြို့ဖြစ်ပြီး ရိုးရာနှင့်ဆိုင်သည့်ဆွဲဆောင်နိုင်မှုများကြောင့် ကျော် ကြားသည့်မြို့တစ်မြို့ဖြစ်ပါသည်။ Belitung ကျွန်းသည် သဲဖြူကမ်းခြေများရှိပြီး ခရီးသွားများကို ဆွဲဆောင်နိုင်သော အပန်းဖြေစခန်းများရှိသည့် နေရာဖြစ်ပါသည်။

လက်ရှိအချိန်အထိ အဆိုပါနေရာ ၃ ခုသို့ စင်ကာပူနိုင်ငံမှ တိုက်ရိုက်လေကြောင်းမရှိဟု CAG က စုံစမ်းသိရှိထားပြီး ခရီးသွားများအနေဖြင့် ဂျကာတာမြို့ရှိ Soekarno-Hatta အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် သွားရောက်ရပါသည်။ CAG ၏ အချက်အလက်များအရ ခရီးသည်အများဆုံးလေဆိပ်မြို့များအနက် ဇန်နဝါရီလမှ မေလအတွင်း ဂျကာတာမြို့သည် တတိယဖြစ်ပြီး ဘာလီ(Denpasar)သည် စတုတ္ထ၊ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ပထမ၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့မှာ ဒုတိယဖြစ်ပါသည်။

Alton Aviation Consultancy မှ မန်နေးဂျင်းဒါရိုက်တာ Ms. Mabel Kwan က “စင်ကာပူနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံနှင့် လေကြောင်းလိုင်းချိတ်ဆက်မှုများကို ကောင်းမွန်စွာတည်ဆောက်ထားနိုင်သည်ဖြစ်ရာ လေကြောင်းခရီးစဉ်အသစ်များကို မိတ်ဆက်ခြင်းသည် ခရီးသည်ပမာဏအပေါ် သိသာသည့်သက်ရောက်မှုမရှိနိုင်ကြောင်း၊ သို့ရာတွင် CAG က လေ့လာစူးစမ်းလျက်ရှိသည့် လေကြောင်းခရီးစဉ်အသစ်များသည် အင်ဒိုနီးရှားနိုင်ငံနှင့် ဒေသတွင်းသို့ ချန်ဂီလေဆိပ်၏ လေကြောင်းချိတ်ဆက်နိုင်မှုကို အားကောင်းစေမည်ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာလေ ကြောင်းလိုင်းများပြေးဆွဲခွင့်ပြုခြင်းသည် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်နှင့် အထောက်အကူပြုအခြေခံအဆောက်အအုံများကို တည်ဆောက်ရန် အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်သည့်အချိန်တွင် အဆိုပါမြို့ရှိ ပြည်တွင်းစီးပွား ရေးကို အားပေးရာရောက်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ၏ လူလတ်တန်းစားလူဦးရေမြင့်တက်လာပြီး ဝင်ငွေတိုးတက်လာနိုင်သည့်အတွက် အင်ဒိုနီးရှားနိုင်ငံမှ ပြည်ပခရီးသွားလာမှုများမြင့်တက်လာနိုင်ပြီး စင်ကာပူနိုင်ငံအတွက် အကျိုးရှိစေမည်ဖြစ် ကြောင်း” ပြောကြားခဲ့ပါသည်။

“လေ့လာစူးစမ်းမှုပြုနေသည့် ခရီးစဉ် ၃ ခုသည် ကုန်ကျစရိတ်သက်သာသည့် ခရီးစဉ်ကို ရွေးချယ်လိုသည့် ခရီးသည်များအား ဆွဲဆောင်နိုင်မည်ဖြစ်ရာ ဒုတိယမြို့တော်များမှ ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်အတွက် အင်ဒိုနီးရှားလေ ကြောင်းလိုင်းများကို ချန်ဂီလေဆိပ်အနေဖြင့် ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ ချန်ဂီလေဆိပ်သို့ အသွားအပြန်ပျံသန်းမှုများတွင် လေယာဉ်များအတွက် ကုန်ကျစရိတ်သည် လေကြောင်းလိုင်းများအတွက် တတ်နိုင်သည့်အတိုင်းအတာအတွင်းဖြစ်ရန် လိုအပ်ကြောင်း၊ လေဆိပ်ဝန်ဆောင်မှုကုန်ကျစရိတ် သက်သာသည်ဟု နာမည်ရနေသည့် ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိရန် အရေး ကြီးကြောင်း” OAG Aviation မှ အာရှဌာန၏ခေါင်းဆောင် Mr. Mayur Patel က ပြောကြားခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်အထိ စာရင်းများအရ စင်ကာပူနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံရှိ နေရာ ၁၃ နေရာနှင့် လေကြောင်းပျံသန်းမှုရှိပြီး လေကြောင်းလိုင်း ၁၀ ခုဖြင့် တစ်ပတ်လျှင် ခရီးသည် ၄၈၀ ကျော်ကို သယ်ယူပို့ဆောင်လျက်ရှိကြောင်း၊ Civil Aviation Authority of Singapore က ဇွန်လ ၁၉ ရက်နေ့က ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံရှိ နေရာ ၁၃ နေရာ Balikpapan ၊ Jakarta ၊ Bali (Denpasar) ၊ Kertajati ၊ Medan ၊ Labuan Bajo ၊ Lombok ၊ Manado ၊ Padang ၊ Pekanbaru ၊ Surabaya ၊ Makassar နှင့် Yogyakarta တို့ဖြစ်ပါသည်။

ရင်းမြစ်။        The Straits Times

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News