International News

၂၀၂၆ ခုနှစ်၊ ပထမသုံးလပတ်အတွက် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(Gross Domestic Product-GDP) ကြိုတင်ခန့်မှန်းချက်များကို ဟောင်ကောင်ဒေသအစိုးရထုတ်ပြန်

Last Updated:

ဟောင်ကောင်ဒေသအစိုးရ၏သန်းခေါင်စာရင်းနှင့်စာရင်းအင်းဌာနသည် ၂၀၂၆ ခုနှစ်၊ ပထမသုံးလပတ်အတွက် ဟောင်ကောင်ဒေသ၏ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး(Gross Domestic Product-GDP) ကြိုတင်ခန့်မှန်းချက်များကို ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်တွင် https://www.info.gov.hk ၌ “Advance estimates on Gross Domestic Product for first quarter of 2026‌” ခေါင်းစဉ်ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။

ခန့်မှန်းချက်များအရ ၂၀၂၆ ခုနှစ်၊ပထမသုံးလပတ်တွင် GDP သည် ယခင်နှစ်ကာလတူထက် ပကတိတန်ဖိုးအားဖြင့် ၅.၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး၊ ၎င်းမှာ ၂၀၂၅ ခုနှစ်၊ စတုတ္ထသုံးလပတ်၏ တိုးတက်မှု ၄.၀ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်လျှင် ပိုမိုမြင့်မားလာကြောင်း ဖော်ပြထားပါ သည်။

GDP ၏အဓိကအစိတ်အပိုင်းများအလိုက် ခွဲခြမ်းစိတ်ဖြာပါက ပုဂ္ဂလိကစားသုံးမှုအသုံးစရိတ်သည် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် ယခင်နှစ်ကာလတူထက် ပကတိတန်ဖိုးအားဖြင့် ၅.၀ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ စတုတ္ထသုံးလပတ်တွင်ဖြစ်ပေါ်ခဲ့သော တိုးတက်မှု ၂.၅ ရာခိုင်နှုန်းထက် ပိုမိုမြန်ဆန်လာခဲ့ကြောင်းနှင့် အစိုးရစားသုံးမှုအသုံး စရိတ်သည် ၂၀၂၆ ခုနှစ်၊ ပထမသုံးလပတ်တွင် ၂.၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ စတုတ္ထသုံးလပတ်ရှိ တိုးတက်မှု ၁.၅ ရာခိုင်နှုန်းထက် ပိုမိုများပြားလာခဲ့ကြောင်း ဖော်ပြထားပါသည်။

ပြည်တွင်းပုံသေအရင်းအနှီးစုဖွဲ့မှု(ရင်းနှီးမြှုပ်နှံမှု)မှာလည်း ၂၀၂၆ ခုနှစ်၊ ပထမသုံးလပတ်တွင် ၁၇.၇ ရာခိုင်နှုန်းအထိဆက်လက်တိုးတက်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ စတုတ္ထသုံးလပတ်၏ တိုးတက်မှုနှုန်း ၁၁.၇ ရာခိုင်နှုန်းကို ကျော်လွန်သွားခဲ့ကြောင်း၊ ကုန်စည်တင်ပို့မှုစုစုပေါင်းသည် ၂၀၂၆ ခုနှစ်၊ ပထမသုံးလပတ်တွင် ၂၃.၈ ရာခိုင်နှုန်းအထိ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး ၂၀၂၅ ခုနှစ်၊ စတုတ္ထသုံးလပတ်ရှိ တိုးတက်မှု ၁၅.၄ ရာခိုင်နှုန်းထက် သိသိသာသာမြင့်တက်လာကြောင်း၊ ကုန်စည်တင်သွင်းမှုမှာ ၂၉.၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ယခင်သုံးလပတ်၏တိုးတက်မှု ၁၈.၂ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်လျှင် ပိုမိုများပြားလာကြောင်း ဖော်ပြထားပါသည်။

ဝန်ဆောင်မှုတင်ပို့ခြင်းသည် ၂၀၂၆ ခုနှစ်၊ ပထမသုံးလပတ်တွင် ၃.၅ ရာခိုင်နှုန်းတိုးတက်ခဲ့သော်လည်း ၂၀၂၅ ခုနှစ်၊ စတုတ္ထသုံးလပတ်၏ တိုးတက်မှု ၄.၇ ရာခိုင်နှုန်းအောက် အနည်းငယ်လျော့ကျခဲ့ကြောင်း၊ ဝန်ဆောင်မှုတင်သွင်းအနေဖြင့် ၃.၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ယခင်သုံးလပတ်၏ တိုးတက်မှုနှုန်း ၃.၇ ရာခိုင်နှုန်းနှင့်အနီးစပ်ဆုံးဖြစ်ပါကြောင်းနှင့်ရာသီအလိုက် ချိန်ညှိထားသော သုံးလပတ်အလိုက်နှိုင်းယှဉ်ချက်အရ ၂၀၂၆ ခုနှစ်၊ ပထမသုံးလပတ်တွင် GDP သည် ယခင် ၂၀၂၅ ခုနှစ်၊ စတုတ္ထသုံးလပတ်ထက် ၂.၉ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၂၀၂၆ ခုနှစ်၊ ပထမသုံးလပတ်အတွင်း ဟောင်ကောင်ဒေသ၏စီးပွားရေးသည် အားကောင်းစွာတိုးတက်လာခဲ့ကြောင်းပြောကြားခဲ့ပြီး ကြိုတင်ခန့်မှန်းချက်များအရ ပကတိ GDP သည် ယခင်နှစ်ထက် ၅.၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး လွန်ခဲ့ သောငါးနှစ်နီးပါးအတွင်း အားအကောင်းဆုံးသုံးလပတ်တိုးတက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ရှေ့အလားအလာအနေဖြင့် ဟောင်ကောင်ဒေသ၏ စီးပွားရေးတိုးတက် မှုသည် ဆက်လက်ကောင်းမွန်နေမည်ဖြစ်ပြီး အဆိုပါတိုးတက်မှုကို AI နှင့်ဆက်စပ်သော အီလက်ထရွန်နစ်ပစ္စည်းများအပေါ် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားမြင့်မားမှု၊ ခရီးသွားဝင်ရောက်မှု ဆက်တိုက်တိုးတက်နေမှုနှင့် နယ်စပ်ဖြတ်ကျော်ငွေကြေးလုပ်ငန်းများအားကောင်းနေမှုတို့က ထောက်ပံ့ပေးထားကြောင်း၊သို့ရာတွင် အရှေ့အလယ်ပိုင်းတွင်တင်းမာမှု များဆက်ရှိနေခြင်းသည် စီးပွားရေးအလားအလာအတွက် အန္တရာယ်တစ်ခုဖြစ်နေသဖြင့် အစိုးရအနေဖြင့် စွမ်းအင်ဖူလုံမှုနှင့် ထိခိုက်နိုင်သောကဏ္ဍများအပေါ် သက်ရောက်မှုလျော့ပါးစေရန် အစီအမံများကိုဆောင်ရွက်ထားပြီး အခြေအနေများကို အနီးကပ်စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၆ ခုနှစ်၊ ပထမသုံးလပတ်အတွက် ပြန်လည်ပြင်ဆင်ထားသော GDP ကိန်းဂဏန်းများ၊ အသေးစိတ်စာရင်းဇယားများနှင့် ၂၀၂၆ ခုနှစ်အတွက် ခန့်မှန်းချက်အသစ်ကို မေလ ၁၅ ရက်နေ့တွင် ထုတ်ပြန်သွားမည်ဟု ဖော်ပြထားပါသည်။

Source: https://www.info.gov.hk/gia/general/202605/05/P2026050500336.htm

(ဖြိုးဖြိုးဝင်း၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News