တောင်ကိုရီးယားအစိုးရသည် အိမ်ခြံမြေဈေးကွက် တည်ငြိမ်ရေးနှင့် လူငယ်များ၏ နေထိုင်မှုအခြေအနေများတိုးတက်ကောင်းမွန်စေရေးအတွက် ဆောင်ရွက်နေသည့် ကျယ်ပြန့်သောကြိုးပမ်းမှုများ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ၂၀၂၇ ခုနှစ်မတိုင်မီ ဆိုးလ်မြို့တော်နှင့် အနီးပတ်ဝန်းကျင်ဒေသများတွင် လူငယ်များအတွက် အငှားအိမ်ရာအခန်းပေါင်း ၉၀,၀၀၀ ခန့်ထောက်ပံ့ပေးရန် စီစဉ်ထားကြောင်း ဘဏ္ဍာ ရေးဝန်ကြီး Koo Yun-cheol က ၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် ပြောကြားခဲ့ပါ သည်။
“တောင်ကိုရီးယားအစိုးရသည် Public Housing Supply Program ၏ အဓိကမဏ္ဍိုင်တစ်ခုဖြစ်သည့် တိုက်ခန်း(Apartment)မဟုတ်သော အိမ်ရာများ(Non-Apartment Housing)ကိုတိုးချဲ့နိုင်ရန် နည်းလမ်းမျိုးစုံရှာဖွေဆောင်ရွက်နေပါ သည်” ဟု ဘဏ္ဍာရေးဝန်ကြီး Koo Yun-cheol က အိမ်ခြံမြေမူဝါဒဆိုင်ရာ ဝန်ကြီးများအစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။ “လာမည့် ၂ နှစ်အတွင်း ဆိုးလ်မြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများတွင် အငှားအိမ်ရာ ၉၀,၀၀၀ ကိုထောက်ပံ့ပေးသွားရန် စီစဉ်ထားပြီး၊ ၎င်းတို့အနက် ၆၆,၀၀၀ ကို သတ်မှတ်ဇုန်များတွင် တည်ဆောက်သွားမည်” ဟုလည်း ၎င်းက ပြောကြားခဲ့ ပါသည်။
Multifamily Homes နှင့် Compact Studio Units များကဲ့သို့တိုက်ခန်း (Apartment)မဟုတ်သောအိမ်ရာများကို အချိန်တိုအတွင်း ပိုမိုလျင်မြန်စွာ တည်ဆောက်ပေးနိုင်သဖြင့် လူငယ်များရင်ဆိုင်နေရသော အိမ်ရာအခက်အခဲများကိုလည်း ပိုမိုမြန်ဆန်စွာဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း Koo က ပြောကြားခဲ့ပါ သည်။ ထို့အပြင် တောင်ကိုရီးယားအစိုးရသည် Modular Housing နှင့် အခြားဆောက်လုပ်ရေးနည်းလမ်းများကို အသုံးပြုသွားမည်ဖြစ်ပြီး၊ ယင်းနည်းလမ်းများသည် ဆောက်လုပ်ရေးကာလကို လျှော့ချနိုင်သလို Developer များ၏ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီမံကိန်းများကိုပိုမိုစောစီးစွာစတင်နိုင်ရန် အားပေးမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့ပါသည်။
အစည်းအဝေးအတွင်း တာဝန်ရှိသူများသည် အိမ်ခြံမြေဈေးကွက်အခြေအနေများနှင့်တုံ့ပြန်ဆောင်ရွက်မှုအစီအစဉ်များကို ပြန်လည်သုံးသပ်ခဲ့ကြပြီး၊ တရားမဝင်အိမ်ခြံ မြေလုပ်ငန်းဆောင်ရွက်မှုများကို နှိမ်နင်းရန် အစီအစဉ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
(ဝင်းပပသူ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့) Source: https://www.koreatimes.co.kr/economy/policy/20260522/govt-to-supply-90000-rental-homes-in-greater-seoul-area-for-youths-by-2027