International News

တရုတ်နိုင်ငံအနေဖြင့် ဝန်ဆောင်မှုကုန်သွယ်ရေးတင်ပို့မှုကို ဦးစားပေးဆောင်ရွက်လျက်ရှိ

Last Updated:

တရုတ်နိုင်ငံအနေဖြင့် ဝန်ဆောင်မှုလုပ်ငန်းများတင်ပို့မှုကို ပိုမိုအားပေးမြှင့်တင်ရန်နှင့် အခွန်ကောက်ခံမှုနှင့် ငွေကြေးဆိုင်ရာပံ့ပိုးကူညီမှု အဆင်ပြေချောမွေ့စေရေး မူဝါဒဆိုင်ရာပတ်ဝန်းကျင်ကို စဉ်ဆက်မပြတ်ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ တရုတ်အပြည်ပြည်ဆိုင်ရာ ဝန်ဆောင်မှုကုန်သွယ်ခြင်းကုန်စည်ပြပွဲ(China International Fair for Trade in Services-CIFTIS) ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ပေကျင်းမြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါပြပွဲသည် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်နှင့် တံခါးဖွင့်ကမ္ဘာ့စီးပွားရေးတစ်ခုတည်ဆောက်ရာတွင် အထောက် အကူဖြစ်စေရန်အတွက် လုပ်ငန်းနယ်ပယ်အသီးသီးအတွက် ပလက်ဖောင်းတစ်ခုပံ့ပိုးပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ပေကျင်းအစိုးရနှင့် ပွဲစီစဉ်သူများက ပြောကြားခဲ့သည်။

အဆိုပါကုန်စည်ပြပွဲသို့ ယခုနှစ်တွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံပေါင်း ၇၀ မှ ပါဝင်တက်ရောက်သွားမည်ဖြစ်ပါသည်။ Fortune 500 ကုမ္ပဏီများနှင့် ကဏ္ဍအသီးသီးမှ ထိပ်တန်းကုမ္ပဏီများအပါအဝင် ကုမ္ပဏီပေါင်း ၂,၀၀၀ နီးပါးပါဝင်မည်ဖြစ်သည်။ ဩစတြေးလျ(Australia)အနေဖြင့် ဂုဏ်ထူးဆောင်နိုင်ငံအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဩစတြေးလျကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်း ၆၀ နီးပါး ပါဝင်ပြသသွားမည်ဖြစ်သည်။

တချိန်တည်းမှာပင် (၂၆-၈-၂၀၂၅)ရက်နေ့၊ အင်္ဂါနေ့တွင်ကျင်းပခဲ့သည့် တရုတ်နိုင်ငံတော်ကောင်စီ၏ ကတ်ဘိနက်အစည်းအဝေး(China's Cabinet)တွင် ဝန်ဆောင်မှုလုပ်ငန်းများ၌ ကုန်သွယ်မှု၏ အရည် အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်လိုအပ်ကြောင်းနှင့် တရုတ်နိုင်ငံကို ထိပ်တန်းကုန်သွယ်ဘက်နိုင်ငံအဖြစ် တည်ဆောက်ရာ၌လည်းကောင်း၊ အဆင့်အတန်းမြင့်ပြီး ပွင့်လင်းမှုရှိသော စီးပွားရေးစနစ်သစ်တစ်ခုကို ထူထောင်ရာ၌လည်းကောင်း ခိုင်မာသည့်ပံ့ပိုးကူညီမှုများ ထောက်ပံ့ပေးရန်လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

ပြင်ပအခြေအနေများပြောင်းလဲလာခြင်းနှင့် ပြည်တွင်းစက်မှုလုပ်ငန်းပြုပြင်ပြောင်းလဲမှုများနက်ရှိုင်းလာခြင်းတို့ကြောင့် ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို ပိုမိုဦးစားပေးအလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း အစည်းအဝေးက ဆိုသည်။ ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုကုန်သွယ်မှု(trade in services)တန်ဖိုးသည် ယွမ် ၃ ဒဿမ ၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၄၄ ဒဿမ ၅၈ ဘီလီယံ)ထိရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၈ ရာခိုင်နှုန်းတိုးတက်ခဲ့သဖြင့် စံချိန်တင်မြင့်တက်မှုရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ဖော်ပြချက်အရ သိရှိရသည်။

အထူးသဖြင့် ဝန်ဆောင်မှုတင်ပို့မှုတန်ဖိုးသည် ယွမ် ၁ ဒဿမ ၇ ထရီလီယံရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ ဝန်ဆောင်မှုတင်ပို့မှု၏ စုစုပေါင်းပြည်ပကုန်သွယ်ရေးတင်ပို့မှု၌ ပါဝင်မှုအချိုးသည် ၁၁ ဒဿမ ၅ ရာခိုင်နှုန်းရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၀ ဒဿမ ၇ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့သည်။ ဝန်ဆောင်မှုတင်ပို့မှု၏ လျင်မြန်စွာ တိုးတက်မှုသည် အဓိကအားဖြင့် သယ်ယူပို့ဆောင်ရေး(transportation)နှင့် ခရီးသွားလုပ်ငန်း(travel) ကဲ့သို့သော ရိုးရာဝန်ဆောင်မှုနယ်ပယ်များ(traditional service field)ရရှိခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ဆိုသည်။

တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရှန့်ချုပိန် (H.E Sheng Qiuping) က ပေကျင်းမြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ယခုနှစ် ဒုတိယနှစ်ဝက်တာကာလအတွင်း တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုကုန်သွယ်ခြင်း၏တိုးတက်မှုသည် များစွာသောအခွင့်အလမ်းများနှင့် အခြေအနေများကို ရင်ဆိုင်ရနိုင်ကြောင်း၊ ပထမအချက်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှု ကုန်သွယ်မှုသည် ဆက်၍တိုးတက်မည့်အလားအလာရှိကြောင်း၊ ထို့အပြင် ခရီးသွားလုပ်ငန်းကဲ့သို့သော ဝန်ဆောင်မှုနယ်ပယ်များသည်လည်း လျင်မြန်စွာတိုးတက်လာမည်ဟု မျှော်မှန်းကြောင်း၊ ဝန်ဆောင်မှုကုန်သွယ်ခြင်းအတွက် ပံ့ပိုးပေးမည့် အစိုးရမူဝါဒများကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  အချုပ်အားဖြင့် ဝန်ဆောင်မှုကုန်သွယ်ရေးသည် တစ်နှစ်ပတ်လုံးဆက်လက်ဖွံ့ဖြိုးလာပြီး ကုန်သွယ်မှုအခြေအနေကို ပိုမိုကောင်းမွန်အောင် ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးက ပညာရပ်ပိုင်းဆိုင်ရာ အဆင့်မြင့်ဝန်ဆောင်မှုကုန်သွယ်ရေး (knowledge-intensive services trade)၏အလားအလာသည် ဆက်လက်ကောင်းမွန်လျက်ရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ပညာရပ်ပိုင်းဆိုင်ရာ အဆင့်မြင့်ဝန်ဆောင်မှုတင်ပို့မှုတန်ဖိုးသည် ယွမ် ၈၆၅ ဒဿမ ၀၄ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၇ ဒဿမ ၈ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ ၎င်းတို့အနက် အခြားစီးပွားရေးဆိုင်ရာဝန်ဆောင်မှုများ(other commercial services)၊ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်ဝန်ဆောင်မှုများ(telecommunications and information services) တင်ပို့မှုတွင် ပိုမိုမြင့်မားနေကြောင်း တွေ့ရှိရသည်။

၂၀၂၅ ခုနှစ်အတွင်း ပေကျင်းမြို့သည် စားသုံးမှုတိုးတက်မှုကို မြှင့်တင်ရန် မူဝါဒပေါင်းများစွာကို အလေးအနက်ထားမိတ်ဆက်ခဲ့သည်။ ပေကျင်းမြို့သည် ဖက်ရှင် (fashion)၊ ယဉ်ကျေးမှု(culture)၊ ရေခဲလုပ်ငန်း(ice)နှင့် နှင်းလုပ်ငန်း(snow) စသည့်ကဏ္ဍများတွက် မူဝါဒပေါင်း ၂၀ ကျော်ကို မိတ်ဆက်ခဲ့ပြီး လူသုံးကုန်ပစ္စည်းသစ်များ(new consumer products)၊ လုပ်ငန်းပုံစံသစ်များ(new formats) နှင့် စီးပွားရေးပုံစံသစ်များ(new models)၏တိုးတက်မှုကို ဆက်လက်ပံ့ပိုးမြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပေကျင်းမြို့၏ ဒုတိယမြို့တော်ဝန် စီးမားဟုန် (Sima Hong )က ပြောကြားခဲ့သည်။

အရင်းမြစ်။ https://en.people.cn/n3/2025/0828/c90000-20358334.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News