ဖိလစ်ပိုင်နိုင်ငံမှ တင်သွင်းမည့်ဆန်အပေါ် ကောက်ခံသည့်အခွန်နှုန်းထားအား ၁၅% သတ်မှတ်ထားရှိခြင်းကို ၂၀၂၅ ခုနှစ်၊ နှစ်ကုန်(၃၁-၁၂-၂၀၂၅)ရက်နေ့အထိ သက်တမ်းတိုးခြင်းကို သမ္မတမားကို့စ်မှ အတည်ပြုခဲ့ကြောင်း ၉-၁၁- ၂၀၂၅ ရက်နေ့က ဖိလစ်ပိုင်သမ္မတနန်းတော်မှ ထုတ်ပြန် ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လက ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ ၆၂ အရ Most Favored Nation – MFN နှုန်းထား in-quota နှင့် out-quota အတွက် ၃၅% မှ ၁၅% သို့ လျှော့ချပေးခဲ့ခြင်းသည် ၂၀၂၅ ခုနှစ်၊ နှစ်ကုန်အထိ ဆက်လက်ထားရှိထားပေးမည်ဖြစ်ပါသည်။
သို့ရာတွင် ယခုထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် ၁၀၅ အရ ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့် အခွန်နှုန်းထားကို ၁-၁-၂၀၂၆ ရက်နေ့မှစတင်၍ ကမ္ဘာ့ဆန်ဈေးနှုန်းအခြေအနေပေါ် မူတည်ပြီး ၁၅% မှ ၃၅% အတွင်း (Adjustable rate)ထားရှိသွားမည်ဖြစ်ပါသည်။ အမိန့်ကြော်ငြာစာ ၆၂ ထုတ်ပြန်ခဲ့စဉ်ကတည်းက အခွန်နှုန်းထားအား ဈေးကွက်အခြေအနေပေါ်မူတည်ပြီး ပြန်လည် ညှိနှိုင်းသွားမည်ဖြစ်ကြောင်းဖော်ပြထားရှိခဲ့ပါသည်။ အမိန့် ကြော်ငြာစာ ၁၀၅ အရ ကမ္ဘာ့ဆန်ဈေးနှုန်းမြင့်တက်လျှင် သွင်းကုန်ခွန်အား လက်ရှိနှုန်းထားထက် ၅% ချပေးသွားမည်ဖြစ်ပြီး ကမ္ဘာ့ဆန်ဈေးနှုန်းကျဆင်းပါက သွင်းကုန်ခွန် အား လက်ရှိနှုန်းထားထက် ၅% မြင့်တက်သွားမည်ဖြစ် ကြောင်းဖော်ပြပါရှိပါသည်။ သို့သော် ဆန်တင်သွင်းမှုအတွက် MFN Rate မှာမူ in-quota နှင့် out-quota တို့အတွက် ၁၅% ထက်မနိမ့် ၃၅% ထက်မမြင့်စေရေး၁၅% ၃၅% ကြားသာ ထားရှိသတ်မှတ်သွားမည်ဖြစ်ပါသည်။
(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)