ဗီယက်နမ်နိုင်ငံသည် အောက်တိုဘာအတွင်း နိုင်ငံတကာခရီးသွားဧည့်သည် ၁.၇၃ သန်းကို ကြိုဆိုခဲ့ပြီး ယခုလအတွင်းမှတ်တမ်းတင်မှုအနက် အမြင့်မားဆုံးဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံစာရင်းအင်းရုံး၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
လေကြောင်းခရီးဖြင့်လာရောက်မှုသည် အများဆုံးဖြစ်ပြီး စုစုပေါင်းလာရောက်သူ ၁၄.၆ သန်းအနက် နိုင်ငံတကာခရီးသွားဧည့်သည်မှာ ၈၄.၉ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားပါသည်။ ကုန်းလမ်းခရီးမှ လာရောက်လည်ပတ်မှုသူ ၂.၄ သန်း သို့မဟုတ် ၁၃.၉ ရာခိုင်နှုန်းရှိကြောင်း၊ ပင်လယ်ရေကြောင်းမှ လာရောက်လည်ပတ်သူ ၂၀၅,၁၀၀ ရှိပြီး စုစု ပေါင်း၏ ၁၂ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။
အာရှသည် အဓိကဈေးကွက်အဖြစ် ဆက်လက်တည်ရှိလျက်ရှိပြီး ယခင်နှစ်အလားတူကာလထက် ၂၁ ရာခိုင်နှုန်းတိုးလာကာ ခရီးသွားဧည့်သည် ၁၃.၆၁၈ သန်းလာရောက်လည်ပတ်ခဲ့ကြောင်းဖော်ပြထားသည်။ တရုတ် နှင့် ကိုရီးယားသမ္မတနိုင်ငံတို့သည် အကြီးဆုံးရင်းမြစ်ဈေးကွက်များအဖြစ် ဆက်လက်တည်ရှိနေပြီး တရုတ်နိုင်ငံမှ လာရောက်လည်ပတ်သူ ၄.၃ သန်းနှင့် တောင်ကိုရီးယားမှ ၃.၆ သန်းရှိကြောင်း ဖော်ပြထားသည်။
ဥရောပသည် ဒုတိယအကြီးဆုံးဈေးကွက်ဖြစ်ပြီး လာရောက်လည်ပတ်သူ ၂.၁၂၇ သန်းဖြင့် သိသာထင်ရှားသော တိုးတက်မှုရှိကြောင်းဖော်ပြထားသည်။ နိုင်ငံတကာခရီးသွားများ မြင့်တက်လာခြင်းသည် ခရီးသွားလုပ်ငန်းဝင်ငွေကိုလည်း မြှင့်တင်ပေးခဲ့သည်။ ၂၀၂၅ ခုနှစ် ၁၀ လအတွင်း ခရီးသွားလုပ်ငန်းမှ ဝင်ငွေမှာ ယခင်နှစ်အလားတူကာလထက် ၁၉.၈ ရာခိုင်နှုန်းတိုးလာပြီး ဗီယက်နမ်ဒေါင် ၇၇.၄ ထရီလီယံ(အမေရိကန်ဒေါ်လာ ၂.၉၄ ဘီလီယံ)ရှိမည်ဟု ခန့်မှန်းထားသည်။ အစား အသောက်နှင့် တည်းခိုဝန်ဆောင်မှုများမှ ဝင်ငွေမှာ ၁၄.၆ ရာခိုင်နှုန်းတိုးလာပြီး ဗီယက်နမ်ဒေါင် ၆၉၅.၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၆.၄ ဘီလီယံ)ရှိမည်ဟု ခန့်မှန်းထားသည်။
ခရီးသွားလုပ်ငန်းသည် ယခုနှစ်အတွင်း နိုင်ငံတကာခရီးသွားဧည့်သည် ၂၂ သန်းမှ ၂၃ သန်းအထိကြိုဆိုရန် ရည်မှန်းထားရှိကြောင်း ဖော်ပြထား သည်။
Source: VN Economy
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)