စင်ကာပူစွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့(Energy Market Authority of Singapore)နှင့် ဩစတြေးလျစွမ်းအင်ဌာန(Australian Energy Regulator)တို့သည် စင်ကာပူအပြည်ပြည်ဆိုင်ရာ စွမ်းအင်သီတင်းပတ် ၂၀၂၅(Singapore International Energy Week 2025)တွင် စွမ်းအင် လုပ်ထုံးလုပ်နည်းဖလှယ်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါသည်။
နားလည်မှုစာချွန်လွှာသည် ဂတ်စ်နှင့် လျှပ်စစ်ဓာတ်အားဈေးကွက်များနှင့်စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းများမျှဝေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်အတွက် မူဘောင်ဖြစ်ပါသည်။ ထို့အပြင် ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသည့် နည်းပညာများနှင့်စပ်လျဉ်း၍ အသိပညာများဖလှယ်နိုင်မည်ဖြစ်ပြီး ဒေသတွင်း၏စွမ်းအင်ကူးပြောင်းမှုကို အထောက် အကူဖြစ်စေမည့် နိုင်ငံပေါင်းစုံပါဝင်သော စင်္ကြံများတွင် ပူးပေါင်းဆောင်ရွက်မှုပိုမိုခိုင်မာစေမည်ဖြစ်ပါသည်။ နားလည်မှုစာချွန်လွှာအရ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များတွင် စင်ကာပူစွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့နှင့် ဩစတြေးလျစွမ်းအင်ဌာနတို့ အကြား အသိပညာနှင့် အတွေ့အကြုံများမျှဝေခြင်း၊ သင်တန်းအစီအစဉ်နှင့် သင်တန်းသားများဖလှယ်သည့်အစီအစဉ်များ၊ ဆွေးနွေးပွဲများ ပါဝင်မည်ဖြစ်ပါသည်။
စင်ကာပူ စွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Puah Kok Keong က “စွမ်းအင်ကဏ္ဍစည်းမျဉ်းကြပ်မတ်သူ များသည် စွမ်းအင်ကူးပြောင်းရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ စင်ကာပူစွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့သည် လုပ်ထုံး လုပ်နည်းအလေ့အကျင့်ကောင်းများနှင့် ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသည့် နည်းပညာများတွင် ဩစတြေးလျစွမ်းအင်ဌာနနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ နားလည်မှုစာချွန်လွှာသည် စင်ကာပူနိုင်ငံနှင့် ဩစတြေးလျနိုင်ငံအကြား သံတမန်ဆက်ဆံရေးနှစ် ၆၀ ပြည့်နှင့် နှစ်နိုင်ငံစွမ်းအင်ပူးပေါင်းမှုကို အရှိန်မြှင့်တင်ပေးမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
ဩစတြေးလျစွမ်းအင်ဌာန၏ ဒုတိယဥက္ကဋ္ဌ Mr. Justin Oliver က “ဩစတြေးလျစွမ်းအင်ဌာနအနေဖြင့် စင်ကာပူစွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့နှင့် အရှေ့တောင်အာရှနိုင်ငံများ၏ စွမ်းအင်ကဏ္ဍ စည်းမျဉ်းကြပ်မတ်သူများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဂုဏ်ယူကြောင်း၊ အလေ့အကျင့်များနှင့် ကျွမ်းကျင်မှုများကို မျှဝေခြင်းဖြင့် ဒေသတွင်းစွမ်းအင်ဖူလုံရေးနှင့် စွမ်းအင်ကူးပြောင်းရေးတို့တွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
ရင်းမြစ်။ စင်ကာပူ စွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)