International News

စင်ကာပူ-Irena အဆင့်မြင့်ဖိုရမ်တွင် အရှေ့တောင်အာရှပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် အရှိန်မြှင့်ပူးပေါင်းဆောင်ရွက်မှု (Accelerated Partnership for Renewable Energy in Southeast Asia - Apresa)ကို ကြေညာ

Last Updated:

အရှေ့အလယ်ပိုင်းဒေသအခြေစိုက် အပြည်ပြည်ဆိုင်ရာပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အေဂျင်စီ (International Renewable Energy Agency - Irena) က အရှေ့တောင်အာရှပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် အရှိန်မြှင့်ပူးပေါင်းဆောင်ရွက်မှု(Accelerated Partnership for Renewable Energy in Southeast Asia - Apresa)ကို စင်ကာပူ-Irena အဆင့်မြင့်ဖိုရမ်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ကုန်သွယ်ရေးနှင့် စက်မှုဆိုင်ရာဝန်ကြီး Gan Siow Huang က “စင်ကာပူနိုင်ငံအနေဖြင့် ဒေသတွင်းစွမ်းအင်လိုအပ်ချက်ကို ထောက်ပံ့ပေးမည့် Irena ၏ဆောင်ရွက်မှုကို ထောက်ခံကြောင်း” ပြောကြားခဲ့ ပါသည်။

Irena ၏ Apresa သည် လျှပ်စစ်ကဏ္ဍတွင် ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးအတွက် ဒေသတွင်းနိုင်ငံများ၏ ကြိုးစားဆောင်ရွက်နေမှုကို အရှိန်မြှင့်တင်ပေးရန်နှင့် အာဆီယံနိုင်ငံများအကြား လျှပ်စစ်ဓာတ်အားကုန်သွယ်မှုကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပါသည်။

Irena ၏ ပူးပေါင်းဆောင်ရွက်မှုနှင့်နိုင်ငံများနှင့် ချိတ်ဆက်မှုဒါရိုက်တာ Mr. Gurbuz Gonul က “Apresa တွင် မဏ္ဍိုင် ၄ ရပ်ရှိပြီး ဒေသတွင်း၌ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များခိုင်မာအားကောင်းစေရေး၊ လုပ်ထုံးလုပ်နည်းများတိုးတက်စေရေး၊ အစိမ်းရောင်စီးပွားရေးကို အားပေးရေးနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရေးတို့ဖြစ်ကြောင်း၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ်တွင် ဒီဇယ်လောင်စာသုံးမီးစက်များကို ၉၀ ရာခိုင်နှုန်းဖယ်ရှား၍ ဆိုလာစက်ရုံများ၊ အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ဘက်ထရီသိုလှောင် ရုံများဖြင့် အစားထိုးခြင်းပါဝင်မည်ဖြစ်ကြောင်း၊ စွမ်းအင်ကုန်ကျစရိတ်တည်ငြိမ်မှုရှိစေမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားရရှိနိုင်မှု မြင့်တက်လာမည်ဖြစ်ကြောင်း၊ ထို့ပြင် အစားအသောက်ပြုပြင်ထုတ်လုပ်ခြင်း၊ ငါးဖမ်းလုပ်ငန်းများ၊ အအေးခန်းသိုလှောင်ရုံနှင့် ဒီဂျစ်တယ်အပြန်အလှန်ချိတ်ဆက်မှုစသည်တို့တွင် စွမ်းအင်ကို အကျိုးရှိစွာ အသုံးပြုနိုင်စေမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်း၊ စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်း၊ Apresa သည် အာဆီယံစွမ်းအင်ပူးပေါင်းဆောင်ရွက်မှု ၅ နှစ်အစီအမံ(five-year Asean Plan of Action for Energy Cooperation) ကို အထောက် အကူဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ International Energy Agency (IEA)၏ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအစီရင်ခံစာအရ အရှေ့တောင်အာရှတွင် ဆိုလာနှင့်လေစွမ်းအင်မှ 20 Terawatts ထုတ်လုပ်နိုင်ရန် အလား အလာရှိပါသည်။ အဆိုပါပမာဏမှာ ဒေသတွင်းစုစုပေါင်း လျှပ်စစ်ဓာတ်အားထုတ်လုပ် နိုင်စွမ်း၏ ၅၅ ဆနီးပါးနှင့် ညီမျှပါသည်။

စွမ်းအင်၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာဝန်ကြီး Mr. Tan See Leng က “Irena ၏ ဆောင်ရွက်မှုသည် ဒေသတွင်းမဟာဓာတ်အားလိုင်းအဆင့်မြင့်စေရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများအတွက် ငွေကြေးရရှိနိုင်မှုစသည့် စိန်ခေါ်မှုများကို ဖြေရှင်းပေးနိုင်ရန် မျှော်လင့်ကြောင်း၊ ဒေသတွင်း၌ လျှပ်စစ်ဓာတ်အားအတွက် ပျမ်းမျှကုန်ကျစရိတ်မှာ လက်ရှိတွင် တစ်နာရီလျှင် အမေရိကန်ဒေါ်လာ ၁၅၅ မက်ဂါဝပ် ဖြစ်ပြီး ၂၀၅၀ ပြည့်နှစ်တွင် အမေရိကန် ဒေါ်လာ ၈၀ မက်ဂါဝပ်သို့ ကျဆင်းနိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းပါးသည့် လျှပ်စစ်ဓာတ်အား တင်သွင်းမှုသည် စင်ကာပူနိုင်ငံ၏ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေး မဟာဗျူဟာ၏အဓိကအချက်ဖြစ်ပါသည်။ စင်ကာပူနိုင်ငံသည် ဩစ တြေးလျနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ စီမံကိန်း၁၁ ခု၊ ၈ ဂစ်ဂါဝပ်ခန့် ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းပါးသည့် လျှပ်စစ်ဓာတ်အား တင်သွင်းရန်ခွင့်ပြုထားပြီးဖြစ်ပါသည်။ စင်ကာပူနိုင်ငံသည် ၂၀၃၅ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား ၆ ဂစ်ဂါဝပ်ကို တင်သွင်းရန် ရည်မှန်းထားပါသည်။

ရင်းမြစ်။        The Straits Times

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News