၂၀၂၃ ခုနှစ်က စင်ကာပူနိုင်ငံနှင့် တောင်အမေရိက ၄ နိုင်ငံဖြစ်သည့် အာဂျင်တီးနားနိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ပါရာကွေးနိုင်ငံ၊ ဥရုကွေးနိုင်ငံတို့နှင့်ချုပ်ဆိုခဲ့သည့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်ကို ဘရာဇီးနိုင်ငံလွှတ်တော်သို့ မကြာမီအချိန်တွင် တင်ပြမည်ဖြစ်ပြီး အဆိုပါစာချုပ်အသက်ဝင်မည်ဖြစ်ကြောင်း ဘရာဇီးသမ္မတ Luiz Inacio Lula da Silva က ပြောကြားခဲ့ပါသည်။
အဆိုပါကုန်သွယ်မှုသဘောတူစာချုပ် အသက်ဝင်ပါက ကုန်စည်များ၏ ၂၅ ရာခိုင်နှုန်းမှာ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် ကုန်သွယ်နိုင်မည်ဖြစ်ပြီး ၁၅ နှစ်အတွင်း ကုန်စည်များ၏ ၉၆ ရာခိုင်နှုန်း အပေါ် သွင်းကုန်အခွန်ကို တဖြည်းဖြည်းလျှော့ချသွားမည်ဖြစ်ပါသည်။
ဘရာဇီးသမ္မတ Luiz Inacio Lula da Silva က “မိမိတို့အတွက် ကုန်သွယ်ရေးနှင့် အခြားအခွင့်အလမ်းများသည် စိုက်ပျိုးရေးအခြေပြုစီးပွားရေး၊ လေကြောင်းပျံသန်းမှု၊ ဇီဝလောင်စာဆီ စသည်တို့အပါအဝင် ကဏ္ဍများစွာကို လွှမ်းခြုံနိုင်မည်ဖြစ်ကြောင်း၊ ဘရာဇီးနိုင်ငံအနေဖြင့် စင်ကာပူနိုင်ငံနှင့် သဘောတူစာချုပ်အသစ်များ ချုပ်ဆိုနိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုများကို အမြဲကြိုဆိုကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမှာ ၁၀ နှစ်အတွင်း ၄ ဆတိုးတက်လာပြီး စင်ကာပူဒေါ်လာ ၁၁.၃ ဘီလီယံ ရှိကြောင်း၊ ကမ္ဘာ့တတိယအကြီးဆုံး လေယာဉ်တည်ဆောက်သော Embraer သည် စင်ကာပူနိုင်ငံအတွက် ခရီးသည်တင်လေယာဉ်များကို ရောင်းချခဲ့ကြောင်းနှင့် စင်ကာပူနိုင်ငံသို့ စစ်ဖက်သုံးကုန်စည်တင် လေယာဉ်များကို ထောက်ပံ့ပေးနိုင်ကြောင်း၊ ဘရာဇီးနိုင်ငံသည် စင်ကာပူနိုင်ငံသို့ တိရစ္ဆာန်တင်ပို့မှုတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း” The Straits Times ၏ အီးမေးလ်ဖြင့် မေးမြန်းမှုတွင် ပြန်လည်ဖြေကြားခဲ့ပါသည်။
လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်အရ စာချုပ်အသက်ဝင်မှုလုပ်ငန်းစဉ်ကို နှစ်နိုင်ငံအချင်းချင်းအကြား ဆောင်ရွက်နိုင်ပါသည်။ ထို့ကြောင့် ကျန်နိုင်ငံများကို စောင့်ဆိုင်းရန် မလိုအပ်ဘဲ စင်ကာပူနိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့၏ လွှတ်တော်များမှ အတည်ပြုပါက အဆိုပါနှစ်နိုင်ငံအကြား စာချုပ်မှာ အသက်ဝင်မည်ဖြစ်ပါသည်။
စင်ကာပူနိုင်ငံ၏ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနကလည်း စာချုပ်အသက်ဝင်မှုလုပ်ငန်းစဉ်ကို မကြာမီပြီးစီးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ကုန်သွယ်မှု သဘောတူစာချုပ်မှာ ပါရာကွေးနိုင်ငံနှင့် ဥရုကွေးနိုင်ငံတို့၏ သမ္မတများထံမှ ခွင့်ပြုချက်ရရှိထားပြီး တရားဝင်အမိန့်ကြော်ငြာစာကို စောင့်ဆိုင်းလျက်ရှိသည်ဟု နားလည်ထားကြောင်း ပြောကြားခဲ့ပါသည်။
ရင်းမြစ်။ The Straits Times
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)