International News

ထိုင်းနိုင်ငံ အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး(e-commerce) လုပ်ငန်းရှင်များက သွင်းကုန်ကန့်သတ်ချက်များ ပိုမိုတင်းကျပ်ရန် ထိုင်းအစိုးရကို တိုက်တွန်းခဲ့

Last Updated:

ထိုင်းနိုင်ငံ၌ ပြည်တွင်းထုတ်လုပ်သူများကို အကာအကွယ်ပေးရန်နှင့် တင်သွင်းသည့် ထုတ်ကုန်စံနှုန်းများမြှင့်တင်ရန် ရည်ရွယ်၍ အွန်လိုင်းပလပ်ဖောင်းများတွင် အမေရိကန်ဒေါ်လာ ၁၀၀ အောက် စျေးနှုန်းဖြင့် တင်သွင်းရောင်းချခြင်းကို တားမြစ်သည့် အင်ဒိုနီးရှား၏ စံနမူနာကို လက်ခံကျင့်သုံးရန် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး(e-commerce)လုပ်ငန်းရှင်များက အဆိုပြုခဲ့ကြောင်း ဗန်ကောက်ပို့စ်သတင်းစာတွင် “E-commerce leaders push for tighter import restrictions” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ပိုမိုပွင့်လင်းမြင်သာမှုရှိစွာ လည်ပတ်ဆောင်ရွက်ရမည့်အပြင် e-commerce ပလက်ဖောင်းများနှင့် တိုက်ရိုက်ချိတ်ဆက်ထားသော စုစည်းထားသည့် ဒစ်ဂျစ်တယ်အကောက်ခွန်စနစ်တစ်ခုဖန်တီးရန်လည်း တောင်းဆိုခဲ့ကြောင်း၊ချိတ်ဆက်မှုသည် ပွင့်လင်း မြင်သာမှုရှိစေရန်နှင့် ဝယ်ယူသူများအတွက် မမျှော်လင့်ထားသောအခ ကြေးငွေများကိုတားဆီးပေးရန် ငွေရှင်းချိန်တွင် ပေးဆောင်ရမည့်ပို့ဆောင်ခွန်(Delivery Duty Paid-DDP)ကောက်ခံမှုကို ခွင့်ပြုမည်ဖြစ်ကြောင်း၊ ပြည်တွင်းအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(SMEs)၊ ကုန်အမှတ်တံဆိပ်များ၊ လက်လီရောင်းချသူများနှင့် ထုတ်လုပ်သူများသည် တော်သင့်ရုံစျေးနှုန်းဖြင့် တရုတ်သွင်းကုန်များကို သက်သာရာရစေကာ မျှတသောယှဉ်ပြိုင်မှုအခင်းအကျင်းကို အာမခံချက်ပေးခြင်းမှ အကျိုးကျေးဇူးရရှိမည်ဖြစ်ကြောင်း စက်မှုနယ်ပယ်လုပ်ငန်းရှင်များက ပြောကြားခဲ့ပါသည်။

၎င်းတို့၏ အဆိုပြုချက်များကြောင့် ဇန်နဝါရီလ ၁ ရက်မှစတင်၍ ဘတ် ၁၅၀၀ အောက်တန်ဖိုးရှိသောကုန်ပစ္စည်းများအပေါ် တင်သွင်းခွန်စည်းကြပ်ရန် အကောက်ခွန်ဦးစီးဌာနက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ သွင်းကုန်ခွန်စည်းမျဥ်းအသစ်သည် အပြုသဘောဆောင်ပြီး အကောက်ခွန်ဦးစီးဌာနသည် အကျင့်ပျက်ခြစားမှုလျှော့ချဖို့အတွက် သွင်းကုန်မှ ပို့ကုန်အထိ အဆင့်တိုင်းကို ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ဆောင်ရန်မျှော်လင့်ပါကြောင်း၊ ကုန်စည်စီးဆင်းမှုကို စီမံခန့်ခွဲရာ တွင်အထောက်အကူပြုရန် နည်းပညာကို အသုံးပြုသင့်ကြောင်း၊ ထို့အပြင် ပြည်တွင်း SMEs များ၏ယှဉ်ပြိုင်နိုင်စွမ်းကို အားကောင်းစေရန် မူဝါဒချမှတ်သူများသည် ထုတ်ကုန်အရည်အသွေးနှင့် ဘေးကင်းရေးဆိုင်ရာစည်းမျဉ်းများကို တင်းတင်းကျပ်ကျပ်လိုက်နာသင့်ကြောင်း၊ တင်းကျပ်သောစည်းကြပ်မှုသည် ပြည်တွင်းလုပ်ငန်းရှင်များအတွက် လည်ပတ်မှုနယ်ပယ်တွင် အဆင့်ကို သတ်မှတ်ပေးမည်ဖြစ်ပြီး စားသုံးသူများကိုလည်း ယုံကြည်စိတ်ချရသော ကုန်ပစ္စည်းများရရှိရန်သေချာစေမည်ဖြစ်ကြောင်း Thai E-commerce Association ၏ဥက္ကဌ Pawoot Pongvitayapanu က ပြောကြားခဲ့သည်။

အရည်အသွေးစစ်ဆေးမှုများကို ရှောင်လွှဲပြီး ပြည်တွင်းရောင်းချသူတွေကို လျှော့ပေါ့ပေးလေ့ရှိ သည့်ဈေးပေါသောသွင်းကုန်များ စစ်ဆေးမှုမရှိဘဲ ဝင်လာသည်ကို စိုးရိမ်မှုများမြင့်တက်လာလျက်ရှိပါ ကြောင်း၊ ကုန်ပစ္စည်းစျေးနှုန်း အမေရိကန်ဒေါ်လာ ၁၀၀ အောက်နည်းသည့် နိုင်ငံခြားမှ ကုန်စည်များ အွန်လိုင်းပလက်ဖောင်းတွင် ရောင်းချခြင်းကို တားမြစ်ထားသည့် အင်ဒိုနီးရှား၏ စံပုံစံကို လက်ခံကျင့်သုံးပါက ထိုင်းနိုင်ငံအတွက် ကောင်းမွန်နိုင်ပါကြောင်း၊ အင်ဒိုနီးရှားသည် ပြည်တွင်းလုပ်ငန်းများကို မြှင့်တင်ပြီး နိုင်ငံခြားကုန်စည်များလွှမ်းမိုးမှုကို တိုက်ဖျက်ရန်အတွက် ၎င်း၏ e-commerce လုပ်ထုံး လုပ်နည်းများကို တဖြည်းဖြည်းပြောင်းလဲခဲ့ပါကြောင်း Mr Pawoot က ဖြည့်စွက်ပြောကြားခဲ့သည်။

သွင်းကုန်အခွန်စည်းမျဥ်းအသစ်သည် ကာလရှည်ကြာစွာ တန်ဖိုးနည်း သော သွင်းကုန်များ၏ အခွန်ရှောင်တိမ်းနေမှုကို ပိတ်သိမ်းနိုင်မည်ဖြစ်ပြီး ပြည်တွင်းထုတ်လုပ်သူများ၊ လက်လီသမားများနှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် လည်ပတ်မှုနယ်ပယ်တွင် အဆင့်တစ်ခုကို သေချာစေမည်ဖြစ်ကြောင်း၊ စည်းမျဉ်းများသည် ပြည်တွင်းထုတ်လုပ်မှုမှသည် ထောက်ပံ့ပို့ဆောင်ရေး၊ လက်လီနှင့် စားသုံးသူဝန်ဆောင်မှုများအထိ ပိုမိုကျယ်ပြန့်သော ပြည်တွင်းစီးပွားရေးကိုဖန်တီးပေးသည့် ဝန်ဆောင်မှုပေးသူများကိုလည်း ပံ့ပိုးပေးပါကြောင်း၊ သွင်းကုန်ခွန်အသစ်သည် ဘတ် ၁၅၀၀ ထက်နည်းသော သွင်းကုန်များအတွက် ရေတိုတွင် ဈေးနှုန်းမြင့်တက်စေမည်ဖြစ်ပြီး အခွန်မျှတမှုနှင့် ပြည်တွင်းထုတ်လုပ်မှုကိုအားကောင်းစေမည်ဖြစ်ကြောင်း aCommerce ၏အကြီးတန်းအရာရှိ Mr. Paul Srivorakul  က ဖြည့်စွက်သုံးသပ်ပါသည်။

ယင်းက ထိုင်းလုပ်ထုတ်ကုန်များထံ စားသုံးသူများ၏ အသုံးစရိတ်ကို ပြောင်းလဲစေမည်ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှစီးပွားရေးအတွက် ပိုမိုခိုင်မာသော ပြည်တွင်းဈေးကွက်ကို တည်ဆောက်နိုင်မည်ဖြစ် ကြောင်း၊ ပြည်တွင်း SMEs များ၊ ကုန်အမှတ်တံဆိပ်များ၊ လက်လီရောင်းချသူများနှင့် ထုတ်လုပ်သူများသည် ပြတ်ပြတ်သားသားအနိုင်ရရှိသူများဖြစ်ကြပြီး၊ ကြိုတင်စျေးနှုန်းနှင့် ထောက်ပံ့ထားသော တရုတ်ကုန် ထုတ်လုပ်မှုများမှ ချက်ခြင်းသက်သာခွင့်များရရှိကာ မျှတသောယှဉ်ပြိုင်မှုအခင်းအကျင်းမှ အကျိုးအမြတ်များရရှိကြမည်ဖြစ်ကြောင်း၊ စားသုံးသူများအတွက်မူ အပေးအယူတစ်ခုအနေဖြင့် စျေးနှုန်းမြင့်မားမှုနှင့် ဈေးနှုန်းအလွန်ချိုသာသော သွင်းကုန်များကို လက်လှမ်းမီရန် ကန့်သတ် ချက်များ ကြုံတွေ့နိုင်ပါကြောင်း၊ ယင်းစျေးနှုန်းတိုးမြင့်မှုသည် အခြေခံလိုအပ်ချက်အတွက် သွင်းကုန်အလျှော့အတင်းအပေါ် မှီခိုနေသော ဝင်ငွေနည်းစားသုံးသူတွေကို အချိုးမညီမျှစွာ ထိခိုက်စေနိုင်မည်ဖြစ် ကြောင်း ၎င်းက ထောက်ပြပါသည်။

သို့သော် ယင်းသည် စုပေါင်းအကျိုးအတွက် မရှိမဖြစ်လိုအပ်သောကုန်ကျစရိတ်ဖြစ်ပြီး ထိုင်းအလုပ်အကိုင်များကို အားကောင်းလာစေရေး၊ပိုမိုလုံခြုံပြီးလိုက်လျောညီထွေဖြစ်စေမည့် ထောက်ပံ့ရေးကွင်းဆက် ကို သေချာစေရေးနှင့် တိုင်းပြည်အတွက် ရေရှည်ဓနဥစ္စာတွေကို ခိုင်မာစေမည် ပြည်တွင်းစီးပွားရေးကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ၎င်းသည် အုပ်ချုပ်ရေးဝန်ထုပ်ဝန်ပိုးကို အကောက်ခွန်ဦးစီး ဌာနနှင့် ဝေးကွာသော ပမာဏမြင့်မားသော ဈေးကွက်များသို့ လွှဲပြောင်းပေးသည့် ကမ္ဘာ့အကောင်းဆုံးအလေ့အကျင့်တစ်ခုဖြစ်ကြောင်း၊ ပေါင်းစည်းထားသော ဒစ်ဂျစ်တယ်အကောက်ခွန်စနစ်အား ဤပလက် ဖောင်းများနှင့် တိုက်ရိုက်ချိတ်ဆက်ထားသင့်ပြီး ငွေရှင်းသည့်နေရာ၌ DDP စုဆောင်းမှုကို ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် မမျှော်လင့်ထားသော ပို့ဆောင်ခဖြင့် ဝယ်ယူသူများကို စိတ်အနှောင့်အယှက်ဖြစ်စေမှုမှ ရှောင်ရှားနိုင်စေမည်ဖြစ်ကြောင်း Mr. Paul က ဖြည့်စွက်ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် သေးငယ်သောလူမှုကွန်ယက်လမ်းကြောင်းများ(Tik Tok သို့မဟုတ် Face-book တွင် တိုက်ရိုက်ရောင်းချမှုများ)မှ စည်းမျဉ်းများကို ဖြတ်ကျော်ရန်ကြိုးစားနေသည့် နယ်စပ်ဖြတ်ကျော်ရောင်းချသူ များကိုလည်း ဘတ် ၁,၅၀၀ နှုန်းအထက် သတ်မှတ်ရန်ဖြစ်ကြောင်း၊ အွန်လိုင်းအရောင်း မော်ဒယ်များ၏ နယ်ပယ်တစ်ခုလုံးကို လွှမ်းခြုံကာ ကြီးကြပ်ကွပ်ကဲရမည်ဖြစ်ကြောင်း၊ အစိုးရသည် စမတ်ဒေတာခွဲခြမ်း စိတ်ဖြာမှုတွင် ရင်းနှီးမြှပ်နှံရန်လိုအပ်ပြီး အဆိုပါရှောင်လွှဲမှုနည်းဗျူဟာများရှေ့ဆက်ရန်အတွက် အေဂျင်စီအချင်းချင်းပူးပေါင်းဆောင်ရွက်မှုကို အသုံးချရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တရုတ်ကုန်ပစ္စည်းအများအပြားသည် ကင်းလွတ်ဇုန်များကို  အသုံးပြုသောကြောင့် သွင်းကုန်ခွန်အသစ်သည် ယင်းကင်းလွတ်ဇုန်များကို အကျုံးဝင်ခြင်းရှိ၊မရှိ မူဝါဒချမှတ်သူများက ရှင်းလင်းသင့်ကြောင်း၊ ကင်းလွတ်ဇုန်သည် စက်မှုလုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများအတွက် သတ်မှတ်ထားသော ဧရိယာဖြစ်ပြီး ကုန်ကြမ်း၊ အစိတ်အပိုင်းများနှင့် ကုန်ချောပစ္စည်းများကို အခွန်နှင့် အကောက်ခွန်ဆိုင်ရာ အထူးအခွင့်အရေးများ ခံစားခွင့်ရှိပါကြောင်း၊ ထို့အပြင် ဒစ်ဂျစ်တယ်ပလပ်ဖောင်းများကို Thai Industrial Standards Institute(TISI)နှင့် Food and Drug Administration(FDA)တို့နှင့် ချိတ်ဆက်ထားရန်လိုအပ်ကြောင်း၊ ထိုင်း e-commerce စျေးကွက်တန်ဖိုးက ဘတ် ၁ ထရီလီယံရှိသဖြင့် သွင်းကုန်ခွန်အသစ်က ဘတ် ၁၀ ဘီလီယံအထိ ကောက်ခံနိုင်မည်ဟုခန့်မှန်းပါကြောင်း Thai E-commerce Association ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr Thanawat Malabuppha က  ဖြည့်စွက်အကြံပြုထားပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News