International News

၅ နှစ်အတွင်း ဆန်တန်ချိန် ၁ သိန်းဝယ်ယူရန် ထိုင်းနှင့်စင်ကာပူနိုင်ငံတို့အကြား ကုန်သွယ်မှုသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့

Last Updated:

စားနပ်ရိက္ခာဖူလုံရေးနှင့် ကုန်သွယ်မှုဆက်ဆံရေး ခိုင်မာစေရန် ထိုင်းနှင့် စင်ကာပူနိုင်ငံတို့သည် ၅ နှစ်အတွင်း ဆန်တန်ချိန် ၁ သိန်းအထိ ကုန်သွယ်မှုပြုရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း The Nation Thailand သတင်းဝက်ဘ်ဆိုဒ်တွင် “Thailand and Singapore sign rice trade agreement for 100,000 tonnes over 5 years” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

ထိုင်းနှင့် စင်ကာပူအစိုးရတို့အကြား ဆန်ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာ(Memorandum of Cooperation-MOC)ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Suphajee Suthumpun က နိုဝင်ဘာလ(၄)ရက်နေ့တွင် အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ယင်းစာချွန်လွှာသည် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် နှစ်နိုင်ငံကြားကုန်သွယ်ရေးဆက်ဆံရေး ခိုင်မာစေရန်ရည်ရွယ်၍ အစိုးရနှင့် အစိုးရ(G2G)သဘောတူညီချက်ဖြစ်ကြောင်း၊ သဘောတူညီချက်ကို အကောင်အထည်ဖော်ရာတွင် အဓိကပါဝင်သည့်အေဂျင်စီများမှာ ထိုင်းနိုင်ငံနိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနနှင့် စင်ကာပူစားနပ်ရိက္ခာအေဂျင်စီ(SFA)တို့ဖြစ်ကြောင်း၊ စာချွန်လွှာ၏ အဓိကကဏ္ဍများတွင် လက်မှတ်ရေးထိုးသည့်နေ့မှစပြီး ၅ နှစ်အတွင်း ထိုင်းအစိုးရမှ စင်ကာပူအစိုးရထံ ဆန်တန်ချိန် ၁ သိန်း အထိရောင်းချရန် ကတိကဝတ်များပါဝင်ကြောင်း၊ အဆိုပါသဘောတူညီချက်သည် စင်ကာပူ၏ လိုအပ်ချက် နှင့်နှစ်နိုင်ငံစလုံး၏ ထုတ်လုပ်မှုနှင့် သုံးစွဲမှုအခြေအနေပေါ်မူတည်၍ ၅ နှစ်သက်တမ်းတိုးနိုင်ကြောင်း သိရှိရပါသည်။

အရောင်းအ၀ယ်တစ်ခုစီတိုင်းတွင် နိုင်ငံတကာဈေးကွက်ပေါက်ဈေးပေါ်မူတည်၍ ဝယ်ယူသည့်အခါတွင်(ကြိုတင်ပုံသေဈေးနှုန်းသတ်မှတ်ထားခြင်းမရှိဘဲ)ရောင်းချပေးမည်ဖြစ်ကြောင်း၊ယင်းစာချွန်လွှာအရ ငွေပေးငွေယူများကို နိုင်ငံတကာကုန်သွယ်မှုကျင့်ထုံးများအတိုင်း စာဖြင့် ရေးသားဆောင်ရွက်မည်ဖြစ်ပါကြောင်း၊စာချွန်လွှာသည် တန်ချိန်၁ သိန်း အပြည့်ဝယ်ယူရန်မလိုအပ်သည်မှာ မှတ်သားဖွယ်ဖြစ်ကြောင်း၊ အဆိုပါသဘောတူညီချက်တွင် စင်ကာပူ၏လိုအပ်ချက်ပေါ်မူတည်၍ ကုန်သွယ်မှုပမာဏ သည် ၅ နှစ်အတွင်း အများဆုံးတန်ချိန် ၁ သိန်းကို သတ်မှတ်ထားပါကြောင်း၊ ၅ နှစ်တာကာလအတွင်း နှစ်ဖက်သဘောတူဆန္ဒဖြင့် စာချွန်လွှာကိုပြန်လည်သုံးသပ်ခြင်း၊ပြင်ဆင်ခြင်း၊ပြင်ဆင်ခြင်း သို့မဟုတ် ပြုပြင်ပြောင်းလဲခြင်းများကို နှစ်ဖက်သဘောတူချက်ဖြင့် တောင်းဆိုနိုင်ကြောင်း၊ နှစ်ဖက်စလုံးသည် သံတမန်လမ်းကြောင်းများမှတစ်ဆင့် အနည်းဆုံးခြောက်လကြိုတင်အကြောင်းကြားစာပေးပို့ခြင်းဖြင့်သဘော တူညီချက်ကို ရပ်စဲနိုင်ကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံသည် စင်ကာပူသို့ ဆန် ၁၁၃,၅၄၉ တန်တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၀၂ ဒသမ ၁၄ သန်းရှိကြောင်း၊ ၂၀၂၅ ခုနှစ် ပထမ ၉ လ(ဇန်နဝါရီမှ စက်တင်ဘာလ)အတွင်း ထိုင်းနိုင်ငံသည် စင်ကာပူနိုင်ငံသို့ တန်ချိန် ၉၀,၀၃၁ တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ် ကာလတူပမာဏနှင့်နှိုင်းယှဉ်ပါက ၅ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ကြောင်း၊ ပို့ကုန်အများစုမှာ ထိုင်းစံပယ်ဆန်(၄၉.၉၉%)၊ ဆန်ဖြူ(၂၉.၀၄%) နှင့် ထိုင်းဆန်မွှေး (၁၆.၂၆%)တို့ဖြစ်ကြောင်း၊  လက်ရှိတွင် ထိုင်းသည် စင်ကာပူသို့ တတိယမြောက်ဆန်တင်ပို့သည့်နိုင်ငံဖြစ်ပြီး စျေးကွက်ဝေစု ၂၂ ဒသမ ၃၄ ရာခိုင်နှုန်း၊ အိန္ဒိယက ၄၂ ဒသမ ၈၂ ရာခိုင်နှုန်းနှင့်ဗီယက်နမ်က ၂၈ ဒသမ ၁၀ ရာခိုင်နှုန်းအသီးသီးရှိကြောင်း သိရှိရပါသည်။

Source: https://www.nationthailand.com/news/asean/40057892

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News