ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ပြန်လည်တိုးတက်စေရန်ရည်ရွယ်ပြီး ASEAN အဖွဲ့ဝင်နိုင်ငံများအတွင်း ဆွေးနွေးမှုများကို ပြန်လည်စတင်ရန် ကြိုးပမ်းနေကြောင်း မကြာသေးမီက ထုတ်ပြန်ထားသော သတင်းများအရသိရသည်။ ယင်းသည် မြန်မာ နိုင်ငံအတွင်း ၂၀၂၁ ခုနှစ်ကတည်းက စတင်ဖြစ်ပွားခဲ့သည့် နိုင်ငံရေးအကြပ်အတည်းများကြောင့် ရပ်တန့်နေသည့် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်အသက်သွင်းနိုင်ရန် ကြိုးစားမှုတစ်ရပ် ဖြစ်သည်။
ထိုင်းဘက်မှ မြန်မာနိုင်ငံကို ASEAN framework အတွင်း ပြန်လည်ပေါင်းစည်းနိုင်ပါက ဒေသတွင်းကုန်သွယ်ရေးနှင့် စီးပွားရေးဆက်သွယ်မှုများ ပြန်လည်တိုးတက်လာနိုင်မည်ဟု ယုံကြည်ထားသည်။ အထူး သဖြင့် ထိုင်း–မြန်မာနယ်စပ်တွင် လုပ်ဆောင်နေသော ကုန်သွယ်ရေးလမ်းကြောင်းများသည် နှစ်နိုင်ငံစီးပွားရေးအတွက် အရေးပါသည့်အခန်းကဏ္ဍတစ်ခုဖြစ်ပြီး ယင်းလမ်းကြောင်းများပြန်လည် တက်ကြွလာပါက လယ်ယာထွက်ကုန်များ၊ သဘာဝသယံဇာတများနှင့် အခြေခံကုန်ပစ္စည်းများ၏ ကူးသန်းရောင်းဝယ်ရေး တိုးတက်လာနိုင်ကြောင်း သုံးသပ်သူ များက ဖော်ပြကြသည်။
ထို့အပြင် ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အရေးပါစွာစဉ်းစားနေပြီး သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အားဆိုင်ရာ ပူးပေါင်းမှုများသည် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသည့်အချက်တစ်ခုဖြစ်ကြောင်း သုံးသပ်ထားသည်။ သို့သော် ယင်းကဲ့သို့သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံရေးတည်ငြိမ်မှုနှင့် လုံခြုံရေးအခြေအနေများ တိုးတက်လာရန် လိုအပ်နေသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ပြည်တွင်းပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသော အခြေ အနေများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအပေါ် အရေးပါသောသက်ရောက်မှုရှိစေပြီး စီးပွားရေးပြန်လည်တည်ဆောက်ရေးကို နှောင့်နှေးစေကြောင်းလည်း တွေ့ရှိရသည်။ ထိုင်းနိုင်ငံ၏ ယခုကြိုးပမ်းမှုသည် မြန်မာနိုင်ငံကို ASEAN အတွင်း ပြန်လည်ပေါင်းစည်းနိုင်ရန်သာမက ဒေသတွင်းစီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းရန်လည်း ရည်ရွယ်ထားခြင်းဖြစ်သည်။ သို့သော် အဆိုပါရည်ရွယ်ချက်များ အောင်မြင်နိုင်ရန် အတွက် ASEAN အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများနှင့် မြန်မာနိုင်ငံအတွင်း အပြောင်း အလဲများလုပ်ဆောင်နိုင်ရန်မှာ အရေးကြီးသည့် အချက်များအဖြစ် ဆက်လက်တည်ရှိနေသည်။
Source : Bangkok Post
(ရည်မွန်လှိုင်၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)