ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုဝင်ငွေသည် ယခုနှစ် ပထမနှစ်ဝက်အတွင်း အမေရိကန်ဒေါ်လာ ၅.၄၇ ဘီလီယံအထိစံချိန်တင်ရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၆၇.၅ ရာခိုင်နှုန်းတိုးမြင့်လာကြောင်း စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနအဆိုအရ သိရှိရပါသည်။
အဆိုပါကိန်းဂဏန်းသည် တစ်နှစ်ပတ်လုံးရည်မှန်းထားသည့် အမေရိကန်ဒေါ်လာ ၅.၄ ဘီလီယံကို ကျော်လွန်သွားခဲ့ကြောင်း၊ ထိုကာလအတွင်း ကော်ဖီတန်ချိန် ၉၅၄, ၀၀၀ နီးပါးတင်ပို့ခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၅.၃ ရာခိုင်နှုန်းမြင့်တက်သွားကြောင်း သိရှိရပါသည်။
ဇူလိုင်လ ၃ ရက်နေ့အထိ ကော်ဖီတင်ပို့မှုမှ ၀င်ငွေသည် အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံအထိရရှိခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။
ထိုကဲ့သို့တိုးတက်မှုသည် ကော်ဖီပို့ကုန်ဈေးနှုန်းများတိုးမြင့်လာခြင်းကြောင့်ဖြစ် ကြောင်း၊ ပထမ ၆ လအတွင်း ပျမ်းမျှကော်ဖီတင်ပို့မှုဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၇၀၈.၃ ဖြင့်ခန့်မှန်းထားပြီး တစ်နှစ်ထက်တစ်နှစ် ၅၉.၁ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရှိရပါသည်။
ဂျာမနီ၊ အီတလီနှင့် စပိန်တို့သည် ဗီယက်နမ်ကော်ဖီကို အများဆုံးတင်သွင်းသည့် နိုင်ငံ ၃ နိုင်ငံဖြစ်ပြီး ဈေးကွက်ဝေစု၏ ၁၆.၃ ရာခိုင်နှုန်း၊ ၇.၉ ရာခိုင်နှုန်းနှင့် ၇.၄ ရာခိုင်နှုန်းအသီးသီးရှိကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုမှ ဝင်ငွေသည် ယခုနှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၇.၅ ဘီလီယံရရှိရန် မျှော်မှန်းထားကြောင်း ဖော်ပြထားပါသည်။
Source: VN Economy
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)