စင်ကာပူနိုင်ငံသည် လေကြောင်းချိတ်ဆက်မှုပိုမိုအားကောင်းစေရန်နှင့် လေကြောင်းခရီး သွားလာမှုလွယ်ကူချောမွေ့စေရန်အတွက် အာဂျင်တီးနားနိုင်ငံနှင့် တူရကီနိုင်ငံတို့နှင့် လေကြောင်းဝန်ဆောင်မှုသဘောတူစာချုပ်များ(Air Services Agreements – ASAs)ကို အဆင့်မြှင့်တင်ခဲ့ပါသည်။ အဆိုပါသဘောတူစာချုပ်များကို ကနေဒါနိုင်ငံတွင် စက်တင်ဘာလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သည့် International Civil Aviation Organization(ICAO) 42nd Assembly တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။
စင်ကာပူနိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံတို့သည် လေကြောင်းဝန်ဆောင်မှုသဘောတူစာချုပ်ကို ၁၉၉၇ ခုနှစ်က ချုပ်ဆိုခဲ့ပြီး ယခုအခါ Open Skies Agreement (OSA)အဖြစ် အဆင့်မြှင့်ခဲ့ပါသည်။ အဆိုပါစာချုပ်အရ နှစ်နိုင်ငံလေကြောင်းလိုင်းများသည် ခရီးသည်ပို့ဆောင်ရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးတို့ကို အကြိမ်အရေအတွက်၊ ဆောင်ရွက်နိုင်မှု၊ လမ်းကြောင်းနှင့် လေယာဉ်အမျိုးအစား စသည်တို့တွင် ကန့်သတ်ချက်မရှိဘဲ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။စာချုပ်သည် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် မှတ်တိုင်တစ်ခုဖြစ်ပြီး ပိုမိုနီးကပ်သည့်ဆက်ဆံရေးကို ဖြစ်ပေါ်စေမည်ဖြစ်ပါသည်။
စင်ကာပူနိုင်ငံနှင့်တူရကီနိုင်ငံတို့အကြား ချုပ်ဆိုထားသော လေကြောင်းဝန်ဆောင်မှုသဘောတူစာချုပ်ကို အဆင့်မြှင့်တင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစာချုပ်အရ စင်ကာပူနိုင်ငံနှင့် တူရကီနိုင်ငံရှိ လေဆိပ်များအကြား တစ်ပတ်လျှင် ခရီးသည်လေယာဉ်ပြေးဆွဲမှု ၁၇ ကြိမ်အထိဆောင်ရွက်နိုင်မည်ဖြစ်ကာ ကုန်စည်တင်လေယာဉ်ပြေးဆွဲမှုမှာ တစ်ပတ်လျှင် ၄ ကြိမ်အထိ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
စင်ကာပူနိုင်ငံသည် လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၁၄၀ ကျော်နှင့် ASA များချုပ်ဆိုထားပြီး ၈၀ ကျော်မှာ OSA များဖြစ်ပါသည်။ စင်ကာပူမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှုူးချုပ် Mr. Han Kok Juan က “အာဂျင်တီးနားနိုင်ငံနှင့် တူရကီနိုင်ငံတို့နှင့် ASA များ အဆင့်မြှင့်တင်သည့် စာချုပ်များချုပ်ဆိုခြင်းသည် စင်ကာပူနိုင်ငံနှင့် အဆိုပါနိုင်ငံများရှိ ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများ နှင့် ပိုမိုနီးကပ်မှုရှိစေမည်ဖြစ်ကြောင်း၊ လေကြောင်းလိုင်းများအတွက် ခရီးစဉ်အသစ်များ ပြေးဆွဲ နိုင်မည်ဖြစ်ပြီး ခရီးစဉ်အကြိမ်အရေအတွက်များစေပြီး မဟာဗျူဟာမြောက် လေကြောင်းပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
ရင်းမြစ်။ စင်ကာပူမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)