အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကိုလာဆစ်ခရိုင်(Kolasib district)သည် ထိပ်တန်းဆီအုန်းတင်ပို့သူအဖြစ် ပေါ်ထွက်လာခဲ့ပြီး၊ ဒေသခံတောင်သူများသည် ပြီးခဲ့သည့်နှစ်ကပင် လတ်ဆတ်သောအသီးအနှံများ(Fresh fruit bunches-FFBs)ရောင်းချခြင်းမှ ရူပီး ၇ ကုဋေကျော်ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။ အိန္ဒိယအရှေ့မြောက်ပိုင်း ကိုလာဆစ်ခရိုင်၊ ဘွတ်ဗန်နေး(Bukvannei)တွင်တည်ရှိသော တစ်ခုတည်းသောဆီအုန်းသန့်စင်စက်ရုံကို စီမံခန့်ခွဲသည့် Godrej Agrovet ကုမ္ပဏီလီမိတက်၏အဆိုအရ ၂၀၂၄ ခုနှစ်တွင် လတ်ဆတ်သောအသီးအနှံများ(FFBs)တန်ချိန် ၅,၃၃၅ မက် ထရစ်တန်အား ကုမ္ပဏီမှ ဝယ်ယူခဲ့ကြောင်းသိရသည်။ အဆိုပါပမာဏသည် ၂၀၂၅ ခုနှစ်တွင် ရူပီး ၉ ကုဋေခန့်အထိ တိုးမြင့်လာမည်ဟုခန့်မှန်းထားပြီး၊ ဒေသတွင်းဆီအုန်းစိုက်ပျိုးသူများအတွက် အလားအလာကောင်းသည့်အနာဂတ်ကို ပြသလျက်ရှိကြောင်း သိရသည်။
အဆိုပါဖွံ့ဖြိုးတိုးတက်မှုအား ကိုလာဆစ်ခရိုင်၊ ဒုတိယမဟာမင်းကြီးရုံးရှိ ညီလာခံခန်းမ၌ ဒုတိယမဟာမင်းကြီး Robert C Lalhmangaiha ဦးဆောင်ကျင်းပသည့် ပြန်လည်သုံးသပ်ရေးအစည်းအဝေးတွင် မီးမောင်းထိုးပြသခဲ့ကြောင်းသိရသည်။ ၎င်းအစည်းအဝေးသို့ အစိုးရအရာရှိများ၊ ဆီအုန်းလုပ်ငန်းဆိုင်ရာ မိတ်ဖက်များနှင့် တောင်သူကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဆီအုန်းစိုက်ပျိုးမှု၏ တိုးတက်မှုနှင့်စိန်ခေါ်မှုများကို အကဲဖြတ်ခဲ့ကြကြောင်း သိရသည်။
ဒုတိယမဟာမင်းကြီးက ဆီအုန်းသည် ဗဟိုအစိုးရမူဝါဒအောက်တွင် “ဦးစားပေးသီးနှံ”ဖြစ်လာပြီး ဒေလီရှိထိပ်တန်းအရာရှိများ၏အာရုံစိုက်မှုကို ရရှိနေပြီဖြစ် ကြောင်း၊ “ကိုလာဆစ်ခရိုင်ကို ဗဟိုအာဏာပိုင်များလာရောက်လည်ပတ်ခြင်းက ဆီအုန်းစိုက်ပျိုးရေးနဲ့ တောင်သူတွေကိုပေးအပ်ထားတဲ့ အရေးပါမှုကို ထင်ဟပ်စေပါတယ်” ဟုပြောကြားခဲ့ပြီး၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝကို ပြောင်းလဲနိုင်သည့် အဆိုပါသီးနှံ၏အလားအလာကို အလေးထားပြောကြားခဲ့ကြောင်း သိရသည်။
မီဇိုရမ်ပြည်နယ်တွင် ဆီအုန်းစိုက်ပျိုးခြင်းကို ပြည်နယ်အစိုးရနှင့် Godrej Agrovet ကုမ္ပဏီလီမိတက်ပူးပေါင်းဆောင်ရွက်မှုအောက်တွင် ကိုလာဆစ်နှင့် မာမစ်ခရိုင် (Mamit district)တို့ကို ပန်းတိုင်ရည်မှန်းချက်ထား၍ ၂၀၀၅ ခုနှစ်က စတင်မိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ပြည်နယ်တွင် စုစုပေါင်းဆီအုန်းစိုက်ပျိုးဧက ၂၆,၆၈၀ ဟက်တာခန့်ရှိပြီး၊ ၎င်းအနက် ၆,၉၆၅ ဟက်တာမှာ ကိုလာဆစ် ခရိုင်တစ်ခုတည်းတွင်ရှိကာ ကျေးရွာပေါင်း ၂၉ ရွာမှတောင်သူ ၂,၁၀၀ ကျော်ပါဝင်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
မီဇိုရမ်ပြည်နယ်သည် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသရှိ ဆီအုန်းစိုက်ပျိုးဧရိယာ၏ ၇၈ ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားပြီး၊ ဗဟိုအစိုးရ၏ စားသုံးဆီ–ဆီအုန်းဆိုင်ရာအမျိုး သားမစ်ရှင်(National Mission on Edible Oils–Oil Palm-NMEO–OP)တွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း သိရသည်။ အဆိုပါအစီအစဉ်အောက်တွင် အစိုးရသည် ကိုလာဆစ်နှင့် မာမစ်ခရိုင်ရှိတောင်သူများကို ကူညီပံ့ပိုးရန်အတွက် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွက် ဖြစ်နိုင်ခြေကွာဟမှုအတွက် ပေးချေမှုများ (Viability gap payments)အဖြစ် ရူပီး ၂ ဒသမ ၂ ကုဋေနှင့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် ရူပီး ၇၆ သိန်းထုတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကိုလာဆစ်ခရိုင်အစည်းအဝေးတွင် Godrej Agrovet ကုမ္ပဏီလီမိတက်၏ အကြီးတန်းဖွံ့ဖြိုးရေးအရာရှိ Lalruatkima က ယခုနှစ်တွင် ပြည်နယ်အတွင်း၌ ဆီအုန်းသန့်စင်စက်ရုံတည်ထောင်ရန်စီစဉ်ထားကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။၎င်းက “သန့်စင်စက်ရုံနဲ့ထုပ်ပိုးမှုဌာနစိတ်တွေ ပေါ်ပေါက်လာတာနဲ့အမျှ မီဇိုရမ်မှာစိုက်ပျိုးတဲ့ ဆီအုန်းတွေကို ပြည်ပကိုတင်ပို့ရုံသာမကဘဲ ပြည်တွင်းမှာပါ သန့်စင်ထုတ်လုပ်သုံးစွဲနိုင်တော့မှာပါ”ဟု ပြောကြားခဲ့သည်။ ၎င်းက တောင်သူများ၏ သွင်းအားစုနှင့် အကြံဉာဏ်ဆိုင်ရာလိုအပ်ချက်များကို ပိုမိုထိရောက်စွာဖြည့်ဆည်းပေးနိုင်ရန်အတွက် ‘ဘက်စုံဖြေရှင်းနည်း’(One-stop solution)တစ်ရပ်ကို ဖော်ဆောင်လျက်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ယင်းသို့ပြည်နယ်တွင်း တိုးတက်မှုများရှိသော်လည်း စိန်ခေါ်မှုများရှိနေကြောင်း တွေ့ရှိရသည်။ ကိုလာဆစ်ခရိုင်ရှိ စိုက်ခင်းများ၏ ထက်ဝက်နီးပါးခန့်တွင် လမ်းပန်း ဆက်သွယ်ရေးဆိုင်ရာအခက်အခဲများရှိနေပြီး၊ ၎င်းသည် သယ်ယူပို့ဆောင်ရေးနှင့် အမြတ်အစွန်းအပေါ် သက်ရောက်မှုရှိနေကြောင်းသိရသည်။ ရေရှားပါးမှုနှင့်ပတ် ဝန်းကျင်ဆိုင်ရာစိုးရိမ်ပူပန်မှုများဖြစ်သည့် မြေဆီလွှာအရည်အသွေးကျဆင်းမှုနှင့်ရိုးရာစိုက်ပျိုးရေးစနစ်များပျောက်ဆုံးမှုတို့ကိုလည်း သုတေသီများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများက ထောက်ပြခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် ယင်းပြဿနာများကိုအသိအမှတ်ပြုခဲ့ပြီး ရေရှည်တည် တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအလေ့အကျင့်များကို ဆောင်ရွက်ရန်တောင်းဆိုခဲ့ကြောင်းနှင့် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည့် အရာရှိများတွင် ခရိုင်ဆီအုန်းဇုန်ကော်မတီနှင့် ခရိုင်ဆီအုန်းစိုက်တောင်သူများအသင်းမှ ကိုယ်စားလှယ်များ၊ ခရိုင်စိုက်ပျိုးရေးအရာရှိ Joseph Lalnuntluanga နှင့် Godrej Agrovet ကုမ္ပဏီလီမိတက်မှ အမှုဆောင်များပါဝင်ခဲ့ကြောင်း သိရသည်။
Source: The Statesman, Mizoram's Kolasib district emerging as key exporter of oil palm, June 30, 2025.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)