International News

အိန္ဒိယ-မြန်မာ ကုလားတန်စီမံကိန်းသည် ၂၀၂၇ ခုနှစ်တွင် စတင်လည်ပတ်နိုင်မည်ဖြစ်ပြီး Aizawl-ကော်လ်ကတ္တားခရီးစဉ်အား ကီလိုမီတာ ၇၀၀ လျှော့ချနိုင်မည်ဟု ဝန်ကြီး Sonowal ပြောကြား

Last Updated:

အိန္ဒိယနိုင်ငံ၏အရှေ့မြောက်ပိုင်းနှင့် ကျန်ဒေသများအကြားအကွာအဝေးကိုလျှော့ချ ရန်ရည်ရွယ်သည့် အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသော ကုလားတန်စီမံကိန်းကို ၂၀၂၇ ခုနှစ်တွင် စတင်လည်ပတ်နိုင်မည်ဖြစ်ကြောင်း အိန္ဒိယပြည်ထောင်စုဝန်ကြီး Sarbananda Sonowal က ယခုလ ၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

အဆိုပါစီမံကိန်းအဆင်သင့်ဖြစ်ပါက မီဇိုရမ်ပြည်နယ် Aizawlမြို့တော်နှင့်အနောက် ဘင်္ဂလားပြည်နယ်၊ ကော်လ်ကတ္တားမြို့တော်တို့အကြား အကွာအဝေးသည် ကီလို မီတာ ၇၀၀ အထိ တိုတောင်းသွားမည်ဖြစ်ကြောင်း Guwahatu တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ ဝန်ကြီး Sonowal က ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံရှိ စစ်တွေဆိပ်ကမ်းသည် ယခုအခါအဆင်သင့်ဖြစ်နေပြီဖြစ်ပြီး၊ ယခုအခါ Aizawl သို့ လမ်းပိုင်းချိတ်ဆက်မှုများတိုးတက်ကောင်းမွန်စေရန်လုပ်ဆောင်လျက်ရှိကြောင်း၊ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးနယ်မြေဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းတစ်ခုလုံးကို ၂၀၂၇ ခုနှစ်တွင် စတင်လည်ပတ်နိုင်မည်ဖြစ် ကြောင်း" ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၊ဆိပ်ကမ်း၊သင်္ဘောနှင့်ရေလမ်းကြောင်းဆိုင်ရာဝန်ကြီးဌာနဝန်ကြီးဖြစ်သူ Mr.Sonowal က ၎င်း၏ဝန်ကြီးဌာနသည် အဆိုပါစီမံကိန်း၏ရေလမ်းကြောင်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ရူပီးကုဋေ ၁,၀၀၀ ရင်းနှီးမြှုပ်နှံထားပြီး ကျန်လုပ် ငန်းများကို အခြားအေဂျင်စီများက တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

အရှေ့မြောက်ဒေသသည် အိန္ဒိယနိုင်ငံ၏ စီးပွားရေးသာယာဝပြောမှုကို ပြန်လည်ရှင်သန်စေရန် အတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

"ဝန်ကြီးချုပ် Narendra Modi က သယ်ယူပို့ဆောင်ရေးမှတစ်ဆင့် အသွင်ကူးပြောင်းမှုကို ဖော်ဆောင်သင့်သည်ဟုပြောကြားခဲ့ကြောင်း၊ ၎င်း၏ညွှန်ကြားချက် အတိုင်း အရှေ့မြောက်ပိုင်းကို တောင်အာရှ၏ စီးပွားရေးအချက်အချာနေရာတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်စေလိုပြီး၊ ထိုသို့ဖြစ်မြောက်ရန်အတွက် ရေလမ်းကြောင်းများ သည် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကြောင်း" ဝန်ကြီး Sonowal က ပြောကြားခဲ့သည်။

ကုလားတန်မြစ်ကြောင်းဘက်စုံသုံးနယ်မြေဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းသည် အိန္ဒိယနိုင်ငံအရှေ့ပိုင်းဆိပ်ကမ်းများမှ မြန်မာနိုင်ငံသို့ ကုန်စည်များတင်ပို့ရန်နှင့် အရှေ့တောင်အာရှနိုင်ငံမှတစ်ဆင့် အရှေ့မြောက်ပိုင်းသို့ ကုန်စည်များတင်ပို့ရန်အတွက် ဘက်စုံသယ်ယူပို့ဆောင်ရေးစနစ်တစ်ခုဖန်တီးရန် နှစ်နိုင်ငံပူးပေါင်းဖော် ထုတ်ခဲ့သည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။

Source:         The Hindu, Kaladan project between India, Myanmar to be operational by 2027: Sonowal, July 7, 2025.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News