International News

ဂျပန်နိုင်ငံမှ ရေထွက်ကုန်များကို တရုတ်နိုင်ငံမှ တစ်စိတ်တစ်ပိုင်းပြန်လည်တင်သွင်းခွင့်ပြုခဲ့

Last Updated:

ဂျပန်နိုင်ငံနှင့်တရုတ်နိုင်ငံအကြား စစ်ရေးအရတင်းမာမှုများ မြင့်တက်လျက်ရှိသော် လည်း နှစ်နိုင်ငံဆက်ဆံရေးပြန်လည်ကောင်းမွန်လာစေရေးနှင့်ကုန်သွယ်ရေးဆိုင် ရာတင်းမာမှုများ လျော့နည်းလာစေရေးအတွက် တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ကုန်များကို တစ်စိတ်တစ်ပိုင်းပြန်လည် တင်သွင်းခွင့်ပြုခဲ့ကြောင်း ၃၀-၆ -၂၀၂၅ ရက်နေ့ထုတ် The Japan Times သတင်းစာတွင် “China partially lifts ban on Japanese seafood imports in bid to ease frictions” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ဂျပန်နိုင်ငံ၏အဓိကပို့ကုန်တစ်ခုဖြစ်သည့် ရေထွက်ကုန်များကို တရုတ်နိုင်ငံမှ ပြန်လည်တင်သွင်းခွင့်ပြုခဲ့ခြင်းမှာ ဂျပန်နိုင်ငံအတွက် ကြီးမားသည့်အပြောင်းအလဲတစ်ခုဖြစ်ကြောင်း ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့်ငါးလုပ်ငန်းဝန်ကြီး Shinjiro Koizumi က ပြောကြားထားကြောင်း၊ဖူကူရှီးမားအမှတ်(၁) နျူက လီးယားဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေများကို ပင်လယ်ထဲသို့စွန့်ပစ်ခဲ့ပြီးနောက် တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှရေထွက်ကုန်များအားလုံးကို ၂၀၂၃ခုနှစ်၊ ဩဂုတ်လမှစတင်၍ တင်သွင်းခွင့်ပိတ်ပင်ခဲ့ကြောင်းနှင့် ၂၉-၆-၂၀၂၅ ရက်နေ့မှစတင်၍ ပထမဆုံးအကြိမ် ပြန်လည်တင်သွင်းခွင့်ပြုခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံမှ ရေထွက်ကုန်များကို တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့နိုင်ရေးအတွက် နှစ်နိုင်ငံအကြား နည်းပညာဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီးနောက် ဂျပန်နိုင်ငံ၏ဒေသအချို့မှ ရေထွက်ကုန်များကို တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ဖူကူရှီးမား၊ မီရာဂီနှင့် တိုကျိုအပါအဝင် ပြည်နယ် ၁၀ ခုသည် ပြန်လည်တင်သွင်းခွင့်ပြုခဲ့သည့် ပြည်နယ်များတွင် မပါရှိသေးကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် အဆိုပါကျန်ရှိသည့်ပြည်နယ် ၁၀ ခုအပါအဝင် ဂျပန်နိုင်ငံ၏အမဲသားကို တရုတ်နိုင်ငံဘက်မှ ပြန်လည်တင်သွင်းခွင့်ပြုရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့ ဒုတိယအတွင်းရေးမှူးချုပ်Kazuhiko Aoki က ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

ဖူကူရှီးမားအမှတ်(၁)နျူကလီးယားဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေများစွန့်ပစ်ထားမှုကို နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ၏မူဘောင်အရ စောင့်ကြည့်လေ့လာမှုများပြုလုပ်သွားရန် ဂျပန်နိုင်ငံနှင့်တရုတ်နိုင်ငံတို့အကြား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် သဘောတူညီမှုရရှိခဲ့ကြကြောင်း၊ ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံသို့ တင်သွင်းလာမည့် ရေထွက်ကုန်လုပ်ငန်းများစာရင်းကို တရုတ်နိုင်ငံတွင် မှတ်ပုံတင်ရန်နှင့်မှတ်ပုံတင်ပြီးသည့် ကုမ္ပဏီများမှတင်သွင်းလာမည့် ရေထွက်ကုန်များသည် ပိုးမွှားရောဂါကင်းရှင်းကြောင်းနှင့် ရေဒီယိုသတ္တိကြွဓာတ်ပစ္စည်းများဖြစ်သည့် Cesium နှင့် Iodine ကင်းရှင်းကြောင်းစစ်ဆေးချက်အထောက်အထားများနှင့် ပင်ရင်းသက်သေခံလက်မှတ်များ ပူးတွဲတင်ပြလာသည့်ရေထွက်ကုန်များကိုသာ တင်သွင်းခွင့်ပြုသွားရန် ၂၀၂၅ ခုနှစ်၊ မေလတွင် တရုတ်နိုင်ငံဘက်မှ သဘောတူညီခဲ့ကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံအကြား မဟာဗျူဟာမြောက်ယှဉ်ပြိုင်မှုမှာ ပိုမိုပြင်းထန်လာသည့်အတွက် ဂျပန်နိုင်ငံနှင့်ဆက်ဆံရေးကို တည်မြဲစေလို၍လည်း ကောင်း၊ဂျပန်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေးအတွက်လည်းကောင်း ဂျပန်နိုင်ငံမှ ရေထွက်ကုန်များကို တရုတ်နိုင်ငံဘက်မှ တစ်စိတ်တစ်ပိုင်းပြန်လည်တင်သွင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News