ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမ ၆ လအတွင်း ကမ္ဘာ့ဒုတိယအကြီးဆုံးဆန်တင်ပို့သည့် ထိုင်းနိုင်ငံကို ကျော်တက်သွားပြီး အိန္ဒိယနိုင်ငံက ထိပ်ဆုံးတွင်ရပ်တည်လျက်ရှိကြောင်း ထိုင်းဆန်တင်ပို့သူများအသင်း၏ အဆိုအရ သိရှိရပါသည်။
ဇန်နဝါရီလမှ ဇွန်လအထိ အိန္ဒိယနိုင်ငံမှ ဆန်တန်ချိန် ၁၁.၆၈ သန်းတင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၃၆.၅ ရာခိုင်နှုန်းတိုးလာကြောင်း၊ ၎င်းနောက်တွင် ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၄.၇၂ သန်းတင်ပို့ခဲ့ပြီး ၃.၆ ရာခိုင်နှုန်းတိုးလာကြောင်း၊ ထိုင်းနိုင်ငံမှ တန်ချိန် ၃.၇၃ သန်းတင်ပို့ခဲ့ပြီး ၂၇.၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ပါကစ္စတန်မှ တန်ချိန် ၂.၇၆ သန်းတင်ပို့ခဲ့ပြီး ၂၀.၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ အမေရိကန်မှ တန်ချိန် ၁.၄၀ သန်းတင်ပိုခဲ့ပြီး ၂၀.၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားပါ သည်။
ထိုင်းဆန်ထိပ်တန်းတင်သွင်းသည့်နိုင်ငံ ၅ နိုင်ငံဖြစ်သည့် အီရတ်နိုင်ငံမှ ဆန်တင်သွင်းမှု ၅၈၂, ၇၀၃ တန်(တင်ပို့မှုစုစုပေါင်း ၁၅.၆ ရာခိုင်နှုန်း)၊ အမေရိကန်နိုင်ငံမှ ၄၃၀,၆၀၃ တန်(စုစုပေါင်းတင်ပို့မှု၏ ၇.၄ ရာခိုင်နှုန်း) ၊ အာဖရိကနိုင်ငံများမှ ၃၅၉,၀၃၁ တန်(တင်ပို့မှုစုစုပေါင်း၏ ၂.၅ ရာခိုင် နှုန်း)၊ တရုတ်နိုင်ငံမှ ၃၃၂,၁၈၃ တန်နှင့် ဆီနီဂေါမှ ၁၆၅,၂၉၄ တန်အသီးသီးတင်သွင်းခဲ့ကြောင်း သိရှိရပါသည်။
ယခုနှစ် ၆ လပတ်အတွက် ထိုင်းဆန်တင်ပို့မှုတန်ဖိုးမှာ ထိုင်းဘတ်ငွေ ၇၅.၅၇ ဘီလီယံရှိကြောင်း၊ ယခင်နှစ် အလားတူကာလထက် ၃၆.၄ ရာခိုင်နှုန်းကျဆင်းသွားကြောင်း အသင်း၏ဥက္ကဋ္ဌဖြစ်သူ Mr. Charoen Laothamatas ကပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
အီရတ်၊ တရုတ်၊ ဂျပန်နှင့် အာဖရိကနိုင်ငံအချို့မှ ဆန်အမှာစာတိုးလာခြင်းကြောင့် ထိုင်းနိုင်ငံသည် ဇူလိုင်လတွင် ဆန်တန်ချိန် ၆ သိန်းကျော်တင်ပို့နိုင်မည်ဟုခန့်မှန်းထားသော်လည်း ပို့ကုန်မြင့်တက်မှုသည် ဆန်ဈေးနှုန်းများကျဆင်းခြင်းကြောင့်ဖြစ်နိုင်ဖွယ်ရှိကြောင်း ဖော်ပြထားပါ သည်။
ဆန်ထုတ်လုပ်သည့်နိုင်ငံများအကြား ထောက်ပံ့မှုတိုးလာခြင်းနှင့်ဝယ်လို အားကျဆင်းခြင်းတို့ကြောင့် ဆန်ဈေးသည် ဆက်လက်ကျဆင်းသွားဖွယ်ရှိကြောင်း၊ဆန်တင်ပို့သူများဆက်လက်ဆွဲဆောင်ရန် အပြိုင်အဆိုင် ဈေးနှုန်းများလျှော့ချခြင်းများဖြစ်ပေါ်နိုင်ကြောင်း ရေးသားဖော်ပြထားပါ သည်။
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)