International News

အိန္ဒိယအစိုးရက ၂၀၃၀-၃၁ သီးနှံနှစ်တွင် ပဲမျိုးစုံထုတ်လုပ်မှု ၄၀ % တိုးမြှင့်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိ

Last Updated:

ပဲမျိုးစုံထုတ်လုပ်မှုကို ၂၀၃၀-၃၁ သီးနှံနှစ်တွင် လက်ရှိထက် ၄၀% တိုးမြှင့်၍ တန်ချိန် သိန်း ၃၅၀ သိန်း(၃၅ သန်း)အထိရရှိရန် အစိုးရက ရည်မှန်းချက်ချမှတ်ထားကြောင်း စိုက်ပျိုးရေးဝန်ကြီး ရှိဗ်ရာ့ဂျ်ဆင်းဂျ်ချူဟန်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ပဲမျိုးစုံထုတ်လုပ်မှုတွင် မိမိကိုယ်ကိုယ်ပြည့်ပြည့်ဝဝအားထားနိုင်ရေးအတွက် ရည်ရွယ်သည့် ဗဟိုအစီအစဉ်တစ်ရပ်ကို ရူပီး ၁၁,၄၄၀ ကုဋေ(ရူပီး ၁၁၄,၄၀၀ သန်း)ရင်းနှီးမြှုပ်နှံမှုဖြင့် ၆ နှစ်အတွင်း အကောင်အထည်ဖော်ရန် ပြီးခဲ့သည့်ရက်ပိုင်းက အစိုးရဝန်ကြီးများအဖွဲ့မှ အတည်ပြုခဲ့ကြောင်းနှင့် ထိုအစီအစဉ်အား မိမိကိုယ်ကိုယ်အားထားနိုင်သည့် ပဲမျိုးစုံမစ်ရှင်(Mission for Aatmanirbharta in Pulses Production)အမည်ဖြင့် ၂၀၂၅-၂၆ ခုနှစ်မှ ၂၀၃၀-၃၁ ခုနှစ်ကာလအတွင်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရှိရသည်။

ဝန်ကြီးက သတင်းစာရှင်းလင်းပွဲ၌ပြောကြားရာတွင် ပဲမျိုးစုံစိုက်ဧရိယာနှင့် စိုက်ခင်း များ၏ ထုတ်လုပ်မှုစွမ်းရည်ကို တိုးမြှင့်ခြင်းဖြင့် လာမည့်ခြောက်နှစ်အတွင်း ပဲထုတ်လုပ်မှုကို တိုးလာမည်ဖြစ်ကြောင်း၊ ရည်မှန်းချက်အောင်မြင်ရန် ယုံကြည်စိတ်အပြည့်ရှိကြောင်းနှင့် လယ်သမားများ၏ အကျိုးစီးပွားကိုကာကွယ်ရန်အတွက် ပဲမျိုးစုံတင်သွင်းခွန်ဆိုင်ရာ သင့်လျော်သော ဆုံးဖြတ်ချက်များကိုလည်း အစိုးရမှချမှတ်သွားမည်ဟု ဝန်ကြီးက ပြောကြားခဲ့သည်။  

နိုင်ငံတော်၏ ပဲမျိုးစုံပျမ်းမျှထုတ်လုပ်မှုစွမ်းရည်ထက် သိသိသာသာနိမ့်ကျနေသော ဒေသပေါင်း ၁၀၀ ကို အစိုးရမှ ခွဲခြားသတ်မှတ်ထားကြောင်း၊ ယခုအချိန်ထိ ပဲမျိုးစုံတွင် ဖူလုံမှုမရှိသေးကြောင်း၊ အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံးပဲထုတ်လုပ်သည့်နိုင်ငံဖြစ်သော်လည်း အကြီးမားဆုံးသုံးစွဲသည့်နိုင်ငံလည်းဖြစ်ကြောင်း၊ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ပဲမျိုးစုံအမြောက်အမြားကို တင်သွင်းရန် လိုအပ်နေသေးကြောင်း ချူဟန်က အလေးထားပြောကြားခဲ့သည်။

ပဲမျိုးစုံမစ်ရှင်၏ ရည်ရွယ်ချက်မှာ ထုတ်လုပ်မှုကိုတိုးမြှင့်ကာ အိန္ဒိယကို ကိုယ်ပိုင်ဖူလုံမှုရှိအောင် ပြုလုပ်ရန်ဖြစ်ကြောင်း၊ ၂၀၃၀-၃၁ ခုနှစ်တွင် ပဲမျိုးစုံစိုက်ဧရိယာကို လက်ရှိ ဟက်တာ ၂၇၅ သိန်းမှ ၃၁၀ သိန်းသို့ တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊  ၂၀၂၃ -၂၄ ခုနှစ်တွင် ပဲမျိုးစုံထုတ်လုပ်မှုမှာ တန်ချိန် ၂၄၂ သိန်း(၂၄.၂ သန်း)ရှိရာမှ ၂၀၃၀ -၃၁ ခုနှစ်တွင် တန်ချိန် သိန်း ၃၅၀(၃၅ သန်း)အထိရရှိရန် ရည်မှန်းထားကြောင်းနှင့် ၂၀၂၄-၂၅ သီးနှံနှစ်(ဇူလိုင်-ဇွန်)တွင် ပဲမျိုးစုံထုတ်လုပ်မှုသည် တန်ချိန်၂၅၂.၃၈ သိန်း (၂၅.၂၃၈ သန်း)အထိရှိမည်ဟု ခန့်မှန်းထားကြောင်း ချူဟန်က ပြောကြားထား သည်။

ပဲမျိုးစုံ၏ ပျမ်းမျှထုတ်လုပ်မှုစွမ်းရည်ကို လက်ရှိ တစ်ဟက်တာလျှင် ၈၈၁ ကီလို ဂရမ်မှ ၁,၁၃၀ ကီလိုဂရမ်သို့ တိုးမြှင့်သွားမည်ဟုလည်း ချူဟန်က ပြောကြားခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးကလည်း ယခုနှစ်ဘဏ္ဍာရေးနှစ်တွင် ကြေညာခဲ့သည့် ဤမစ်ရှင်သည် အထူးသဖြင့် ပဲနီလေး၊ မတ်ပဲနှင့် ပဲနီလေး(tur, urad and masur)တို့၏ထုတ်လုပ်မှုကို တိုးမြှင့်ရန် အာရုံစိုက်မည်ဖြစ်ပြီး မှတ်ပုံတင်ထားသော လယ်သမားများထံမှ Nafed နှင့် NCCF အစိုးရအေဂျင်စီများက ဈေးနှုန်းအာမခံချက်ဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းမစ်ရှင်အောက်တွင် ပဲမျိုးစုံ၏ထုတ်လုပ်မှုစွမ်းရည်နှင့် စုစုပေါင်းထွက်နှုန်းတိုးတက်စေရန် အထွက်နှုန်းမြင့်နှင့် ရောဂါခံနိုင်ရည်ရှိသော မျိုးစေ့များကို ဗဟိုအစိုးရမှ ပံ့ပိုးကူညီသွားမည်ဟု ချူဟန်က ပြောကြားခဲ့သည်။

Source: Government eyes to increase pulses production by 40% by 2030-31 crop year, The Economic Times, 9 October, 2025.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News