ဖိလစ်ပိုင်နိုင်ငံတွင် စပါးရိတ်သိမ်းထွက်ရှိမည်ရာသီတွင် ပြည်တွင်းဈေးကွက်တည်ငြိမ်မှုရှိစေရန် ဆန်တင်သွင်းမှုရပ်ဆိုင်းထားခြင်းကို ၂၀၂၅ ခုနှစ်၊ နှစ်ကုန်သည်ထိသက်တမ်းတိုးသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးမှ ပြောကြားခဲ့ပါသည်။၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတစ်လတည်းသာ ဆန်တင်သွင်းခွင့်အား ပြန်လည် ခွင့်ပြုသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလတွင် တင်သွင်းခွင့်ပြန်လည် ရုတ်သိမ်းသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။ ပြည်တွင်းရှိ ဆန်တောင်သူများအနေဖြင့် စပါးလက်ကျန်ပိုလျှံနေမှုကြောင့် စပါးဈေးနှုန်းကျဆင်းနေမှုဒဏ်ကို ခံစားနေရသည့် အတွက် ၎င်းတို့အနေဖြင့် ဆုံးရှုံးမှုများထပ်မံမဖြစ်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
ပြည်တွင်းဆန်လိုအပ်ချက်ပမာဏအပေါ်မူတည်ပြီး ဆန်တင်သွင်းလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလကုန်အထိ ဆန်တန်ချိန် ၃.၅ သန်းတင်သွင်းရောက်ရှိထားပြီးဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ အလားတူကာလက ဆန်တန်ချိန် ၂.၇ သန်းသာ တင်သွင်းခဲ့ခြင်းဖြစ်သောကြောင့် တင်သွင်းမှုပိုမိုမြင့်တက်ခဲ့သည်ကို တွေ့ရှိရပါသည်။ ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုမှာ နှစ်စဉ်တန်ချိန် ၃.၆ သန်းခန့် သို့မဟုတ် တစ်လလျှင် ဆန်တန်ချိန် ၃ သိန်းခန့်သာ လိုအပ်ချက်ရှိသော်လည်း ၂၀၂၄ ခုနှစ်အတွင်း ပြည်တွင်းဆန်လိုအပ်ချက်ထက် တန်ချိန် ၁.၂ သန်းပိုမို၍ ဆန်တန်ချိန် ၄.၈ သန်းထိ စံချိန်တင် တင်သွင်းခဲ့ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးမှ ပြောကြားထားပါ သည်။
ထို့ပြင် သမ္မတမားကို့စ်ဂျူနီယာသည် ၂၀၂၄ ခုနှစ်က ပြည်တွင်းရှိ ဆန်လက်လီဈေးနှုန်းများကျဆင်းမှုရှိစေရန် ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့် အခွန်နှုန်းထားကို ၃၅% မှ ၁၅% ထိ လျှော့ချပေးခဲ့ခြင်းအစား မူလအတိုင်း ၃၅% သို့ ပြန်လည်တိုးမြင့်သွားရန်ကိုလည်း ညှိနှိုင်းဆွေးနွေးလျက်ရှိပါကြောင်း၊ အခွန်နှုန်းထားလျှော့ချပေးခဲ့သဖြင့် တိုင်းပြည်၏ အခွန်ရရှိငွေသည် ၂၀၂၄ ခုနှစ်အတွင်း ပီဆို ဘီလီယံ ၂၀ ခန့်လျော့ကျခဲ့ပါကြောင်း၊ ထို့အတွက် စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့် သမ္မတ၏ အခွန်နှုန်း ပြန်လည်မြှင့်တင်မည့်အစီအစဉ်အပေါ် ကန့်ကွက်ရန်မရှိပါကြောင်း ဖော်ပြပါရှိပါသည်။
ဖိလစ်ပိုင်နိုင်ငံတွင် အနောက်တောင်မုတ်သုံလေနှင့် တိုင်ဖွန်းများဖြစ်ပွားပြီး ရာသီ ဥတုဆိုးရွားခဲ့သော်လည်း စပါးထွက်ရှိမှုပမာဏ တန်ချိန် ၂၀.၂၉ သန်းမှ ၂၀.၅၁ သန်းခန့်နှင့်ညီမျှသည့် ဆန်တန်ချိန် ၁၂.၇၈ သန်းမှ ၁၂.၉၁၂ သန်းထိ စံချိန်တင်မြင့်တက်ထွက်ရှိခဲ့ပါကြောင်း၊ သို့ဖြစ်၍ ဆန်လက်ကျန်ပမာဏသည် ၂၀၂၅ ခုနှစ်၊ နှစ်ကုန်တွင် တန်ချိန် ၃.၂၄ သန်း မှ ၄.၀၆ သန်းခန့်ထိရှိနိုင်ပြီး ပြည်တွင်းစားသုံးရန် ရက်ပေါင်း ၈၅ ရက်မှ ၁၀၆ ရက်ထိ ဖူလုံမှုရှိပါကြောင်း၊ ဆန်တင်သွင်းမှုအား ရက်ပေါင်း ၆၀ မှ ၁၂၀ အတွင်း ရပ်ဆိုင်းခဲ့သော်လည်း ဆန်လက်ကျန်ပမာဏလုံလောက်နေဆဲဖြစ်ပါကြောင်း ဖော်ပြ ထားပါသည်။
တချိန်တည်းမှာပင် ဖိလစ်ပိုင်အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့(National Food Authority - NFA)မှ ပြည်တွင်းတောင်သူများထံမှ တစ်အိတ်လျှင် စပါး ၅၀ ကီလိုပါ အိတ်ပေါင်း ၄ သန်းအား တစ်ကီလိုလျှင်အနိမ့်ဆုံးဈေး ၁၇ ပီဆိုဖြင့် ဝယ်ယူပေးသွားမည်ဖြစ်ပြီး တောင်သူ ၄ သောင်းခန့် အကျိုးအမြတ်ရရှိစေနိုင်မည်ဖြစ်ပါ သည်။ သမ္မတရုံးမှလည်း အမိန့်ကြော်ငြာစာနှစ်ခု ထုတ်ပြန်ကြေညာသွားရန် ပြင်ဆင်လျက်ရှိပြီး တစ်ခုမှာ အစိုးရမှ စပါးဝယ်ယူရေးအတွက် ကြမ်းခင်းဈေးသတ်မှတ်သွားမည့်ကိစ္စနှင့် ကျန်တစ်ခုမှာ ပီဆို ၃ ဘီလီယံအား အရေးပေါ်အခြေ အနေတွင် သယ်ယူပို့ဆောင်ရေး၊ ဆန်သိုလှောင်ရုံများ ငှားရမ်းရေး၊ သယ်ယူမည့် ကုန်ကားများနှင့် မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ကောက်ပဲသီးနှံများ အစိုးရမှ ဝယ်ယူပေးရေးလုပ်ငန်းများတွင် သုံးစွဲသွားရန်အတွက် ရန်ပုံငွေခွဲဝေချထားပေးရန်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။
Source:https://www.da.gov.ph/da-chief-says-rice-import-ban-to-be-extended-till-yearend/
(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)