International News

အရှေ့-အနောက်စီးပွားရေးစင်္ကြံ နိုင်ငံတကာကုန်သွယ်မှု၊ ခရီးသွားလာမှုနှင့် ရင်းနှီး မြှုပ်နှံမှုမြင့်တင်ရေးဆိုင်ရာကုန်စည်ပြပွဲ ၂၀၂၅ အား ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ဒါနန်းမြို့တွင်ကျင်းပ

Last Updated:

အရှေ့-အနောက်စီးပွားရေးစင်္ကြံ နိုင်ငံတကာကုန်သွယ်မှု၊ ခရီးသွားလာမှုနှင့် ရင်းနှီး မြှုပ်နှံမှုမြင့်တင်ရေးဆိုင်ရာကုန်စည်ပြပွဲ(EWEC 2025)ကို အလယ်ပိုင်းကမ်းရိုးတန်းမြို့ဖြစ်သည့် ဒါနန်းမြို့တွင် အောက်တိုဘာလ ၁ ရက်နေ့ ညနေပိုင်းက ဖွင့်လှစ်ခဲ့ပါ သည်။

အဆိုပါကုန်စည်ပြပွဲသို့ ဗီယက်နမ်နိုင်ငံတစ်ဝှမ်းရှိ ပြည်နယ်နှင့် မြို့ကြီးများမှ စက်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာရေးမြှင့်တင်ရေးစင်တာ ၁၀ ခု အပါအဝင် ပြည်တွင်းနှင့် ပြည်ပမှ ပြခန်းပေါင်း ၂၂၀ ကျော်တွင် ပြသထားရှိပါသည်။ ပြပွဲအား အောက်တိုဘာ ၁ ရက်နေ့မှ ၆ ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်ပြီး အဓိကနှင့်ပုံမှန်ထုတ်ကုန်များ၊ ဒေသဆိုင်ရာ အထူးထွက်ကုန်များဖြစ်သည့် OCOP ထုတ်ကုန်များ၊ အီလက်ထရောနစ်နှင့် နည်းပညာဆိုင်ရာ ပစ္စည်းများ၊ အစား အစာနှင့် စိုက်ပျိုးရေးထွက်ကုန်များ၊ အိမ်သုံးပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ခင်းကျင်းပြသခဲ့ကြောင်း သိရှိရပါသည်။

ဒါနန်းပြည်သူ့ကော်မတီဒုတိယဥက္ကဋ္ဌဖြစ်သူ Ms.Nguyen Thi Anh Thi က ယခုနှစ် ကုန်စည်ပြပွဲသည် ဒါနန်းနှင့် ကွမ်နမ်ပြည်နယ် တရားဝင်ပေါင်းစည်းပြီး ပထမဦးဆုံးကျင်းပသည့် နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးပြပွဲဖြစ်သည့်အတွက် အထူးအရေးကြီးပါကြောင်း၊ EWEC သည် ဒေသတွင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုမြှင့်တင်ရေးတို့အတွက် မြို့တော်ဖွံ့ဖြိုးတိုးတက်မှုအဆင့်သစ်၏ အစဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါပွဲသည် ကုန်သွယ်မှုမြှင့်တင်ရေး၊ မိတ်ဖက်ရှာဖွေမှု၊ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်မှုနှင့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများအတွက် အခွင့်အလမ်းများကို ဖန်တီးပေးပါကြောင်း၊ ထို့အပြင် အဓိကထုတ်ကုန်များ၊ OCOP ပစ္စည်းများနှင့် ဒေသဆိုင်ရာအထူးပစ္စည်းများကို ထုတ်လုပ်မှုမှ စားသုံးမှုအထိ ထောက်ပံ့ရေးကွင်းဆက်များမြှင့်တင်ပေးခြင်း၊ ပြည်တွင်းဝယ်လိုအားကို လှုံ့ဆော်ပေးပြီး ပြည်တွင်း ဈေးကွက်ကို ပြည်ပပို့ကုန်များဆီသို့ ချဲ့ထွင်စေကြောင်း ဖော်ပြထားပါသည်။ ပြပွဲသည် အလယ်ပိုင်းဒေသနှင့် နိုင်ငံတစ်ဝှမ်းရှိဒေသများအတွက် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်နှင့် ထုတ်ကုန်တန်ဖိုးကွင်းဆက်များ ဖွံ့ဖြိုးတိုးတက်စေရန် အထောက် အကူဖြစ်စေကြောင်း ဖော်ပြထားပါသည်။

ကုန်စည်ပြပွဲ၏ထူးခြားချက်မှာ ၂၀၂၅-၂၀၃၀ ကာလအတွက် ပို့ကုန်မဟာဗျူဟာများကို အဓိကထားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် ပို့ကုန်ချိတ်ဆက်မှုညီလာခံဖြစ်ပြီး အမေရိကန်၊ တရုတ်နှင့် အင်ဒိုနီးရှားတို့ကဲ့သို့သော ဈေးကွက်များတွင် အခွင့်အလမ်းများကို ရှာဖွေကာ အလယ်ပိုင်းဒေသ၏ ပို့ကုန်တိုးတက်မှုအတွက် ဒါနန်းလွတ်လပ်သော ကုန်သွယ်မှုဇုန်နှင့် ချိတ်ဆက်မှုများအားတိုးတက်စေရန် ဆွေးနွေးဆောင်ရွက်မှုများဖြစ်ကြောင်းဖော်ပြ ထားပါသည်။

Source: Vietnam Plus

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News