ဗီယက်နမ်နိုင်ငံ၏ သစ်နှင့် သစ်အချောထည်ပစ္စည်းများတင်ပို့မှုသည် ယခုနှစ် ၅ လအတွင်း အမေရိကန်ဒေါ်လာ ၆.၉၉ ဘီလီယံအထိရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၁.၅ ရာခိုင်နှုန်းတိုးမြင့်လာကြောင်း စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဦးစီး ဌာန၏ အဆိုအရ သိရှိရပါသည်။
မေလတစ်လတည်းတွင် ပို့ကုန်ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး အမေရိကန်နိုင်ငံသည် ၅ လတာကာလအတွင်း ဗီယက်နမ်နိုင်ငံ၏ သစ်နှင့် သစ်အချောထည်ပစ္စည်းများကို အများဆုံးတင်သွင်းသူဖြစ်ပြီး စုစုပေါင်း ၅၄.၄ ရာခိုင်နှုန်းရှိကြောင်း၊ ၎င်းနောက်တွင် ဂျပန်နိုင်ငံမှ ၁၂.၈ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံမှ ၁၀.၅ ရာခိုင်နှုန်းအသီးသီးရှိကြောင်းဖော်ပြထားပါသည်။
အမေရိကန်နှင့် ဂျပန်သို့ သစ်နှင့် သစ်အချောထည်ပစ္စည်းတင်ပို့မှုတန်ဖိုး ၁၀.၃ ရာခိုင်နှုန်းနှင့် ၂၆.၆ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့သော်လည်း တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ၁၅.၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
ပြည်တွင်းလုပ်ငန်းရှင်များသည် ယခုနှစ် ဧပြီလမှစပြီး ပို့ကုန်အမှာစာများ ပိုမိုရရှိခဲ့ကြောင်း၊ ကုမ္ပဏီအများအပြားသည် ယခုနှစ် ဒုတိယ ၃ လပတ်အတွက် အမှာစာအရေအတွက်မှာ ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိတိုးမြင့်လာကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်နိုင်ငံ၏ သစ်နှင့် သစ်အချောထည်ထုတ်ကုန်တင်ပို့မှုမှ ယခုနှစ်အတွင်း အမေရိကန် ဒေါ်လာ ၁၈ ဘီလီယံရရှိရန် မျှော်မှန်းထားကြောင်း သိရှိရပါသည်။
Source: VN Economy
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)