ဖိလစ်ပိုင်-ဟောင်ကောင် နှစ်နိုင်ငံကြား အခွန်နှစ်ထပ်မကျသင့်စေရေး သဘောတူညီချက်အား ယခုနှစ်လာမည့် အောက်တိုဘာလအတွင်း အပြီးသတ်ဆွေးနွေးနိုင်ရေးမျှော်လင့်ပါကြောင်း ဖိလစ်ပိုင်ပြည်တွင်းအခွန်ဌာနမှ ပြောကြားခဲ့ပါသည်။ အမြန်ဆုံးညှိနှိုင်းဆွေးနွေးပြီးစီးပါက လက်မှတ်ရေးထိုးသွားမည့်အစီအစဉ်အား နောက်ထပ်တစ်ဆင့်အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ပထမအကြိမ် ဆွေးနွေးမှုအား မေလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ ဟောင်ကောင်တွင် ပြုလုပ်ခဲ့ပြီး တစ်ဖက်နှင့်တစ်ဖက် လိုလားချက်များ၊ တောင်းဆိုချက်များအပေါ် အပြုသဘောဆောင်သည့် လက်တွေ့အလုပ်ဖြစ်စေမည့် အမြင်သဘောထားများအား အပြန် အလှန်ဆွေးနွေးခဲ့ကြပါသည်။
ထို့ပြင် နှစ်နိုင်ငံအခွန်အာဏာပိုင် အဖွဲ့အစည်းများကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ အခွန်ဆိုင်ရာ ဖြေလျှော့ပေးမည့်ကိစ္စရပ်များ၊ အခွန်နှစ်ထပ်မကျသင့်စေရေးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် အခွန်နှစ်ထပ်မကျသင့်စေရေး သဘော တူညီချက် ၄၄ ခုခန့်ကို လက်မှတ်ရေးထိုးထားပြီး အမေရိကန်၊ ယူကေ၊ စပိန်၊ တောင်ကိုရီးယား၊ ဂျပန်၊ ဂျာမနီ၊ တရုတ်၊ ကနေဒါ၊ ဩစတြေးလျတို့ပါဝင်ပါသည်။ ဖိလစ်ပိုင်-ကမ္ဘောဒီယားအခွန်နှစ်ထပ်မကျသင့်စေရေးသဘောတူညီချက်အား ၃ ကြိမ်ခန့်ဆွေနွေးပြီးနောက် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလက လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။
ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်၊ အခွန်ထမ်းခြင်းဆိုင်ရာ အကာအကွယ်ပေးနိုင်ရန်၊ အခွန်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီမှုရှိစေရန်တို့အား သဘောတူညီချက်ဆိုင်ရာညှိနှိုင်းဆွေးနွေးရာတွင် ထည့်သွင်းဆွေးနွေးသွားသင့်ကြောင်း အခွန်သုတေသနဌာနမှ တိုက်တွန်းပြောကြားခဲ့ပါသည်။ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ဆောင်ရွက်ရာတွင် ဖိလစ်ပိုင်နိုင်ငံ၏ အခွန်ဆိုင်ရာအခွင့်အရေးများ ဆုံးရှုံးမှုမရှိ စေရေးကို ဦးစားပေးဆောင်ရွက်သွားရန်မှာလည်း အရေးကြီးပါသည်။ ထို့ပြင် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ၊ ပြည်ပအလုပ်သမားများအား အခွန်နှစ်ထပ်မကျသင့်စေရေးအပေါ် အကာအကွယ်ပေးနိုင်စေရေး၊ အငြင်းပွားမှုများရှိလာပါက ဖြေရှင်းပေးနိုင်မည့်နည်းလမ်းများ၊ ဒီဂျစ်တယ်ဝန်ဆောင်မှုများအပေါ် စည်းမျဉ်း၊ဥပဒေများကို နောက်ဆုံးအတည်ပြုပြဋ္ဌာန်းနိုင်ရန်တို့လည်းပါဝင်ကြောင်း ဖော်ပြထားပါသည်။
တစ်ချိန်တည်းမှာပင် ဖိလစ်ပိုင်ပြည်တွင်းအခွန်ဌာနမှ အိမ်ခြံမြေခွန်ပေးဆောင်ရမည့် လျှောက်လွှာလက်ခံမှုများကို မူလကသတ်မှတ်ထားသည့် ၁၄-၆-၂၀၂၅ သည် စနေနေ့ဖြစ်နေသဖြင့် အလုပ်လုပ်ရက်ဖြစ်သည့် ၁၆-၆-၂၀၂၅ ရက်နေ့သို့ရွှေ့ခဲ့ပါကြောင်း၊ ထို့ပြင် အိမ်ခြံမြေခွန်များပေးဆောင်ရာတွင် ငွေလက်ခံမည့် သတ်မှတ်ထားသည့်ဘဏ်အချို့ကိုလည်း ဘဏ်ပိတ်ချိန် ညနေ ၅ နာရီသို့ တိုးမြှင့်ပေးခဲ့ပါ သည်။အိမ်ခြံမြေခွန်ဆောင်ခြင်းသည် နှစ်စဉ်ဝင်ငွေခွန်အပါအဝင် အခြားသောအခွန် များပေးဆောင်သကဲ့သို့ အွန်လိုင်းမှဆောင်ရွက်ရန် မရရှိသေးပါကြောင်းနှင့် အချို့လိုအပ်သည့်စာရွက်စာတမ်းများမှာ manualလုပ်ငန်းစဉ်များရှိနေပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ဖိလစ်ပိုင်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အိမ်ခြံမြေခွန်အား ၂၀၂၅ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ၁၀% တိုးမြင့်ကောက်ခံရန်သတ်မှတ်ခဲ့ပြီး Wealth Tax harmoni zation(GROWTH)ဥပဒေအရ အစိုးရ၏ဝင်ငွေရလမ်းအား တိုးချဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် မူလအခွန်နှုန်းဖြစ်သော ၆% သို့ပြန်လည်ကောက်ခံသွားမည်ဖြစ်ပါကြောင်း ဖော်ပြပါရှိပါသည်။
(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)