GlobalFoundries(GF)ကုမ္ပဏီပြီးနောက် နောက်ထပ်အမေရိကန်တစ်ပိုင်းလျှပ်ကူးပစ္စည်းကုမ္ပဏီတစ်ခုဖြစ်သော Santech Global Inc က အနောက်ဘင်္ဂလားပြည်နယ်တွင် စီမံကိန်းတစ်ခုတည်ထောင်ရန်စိတ်ဝင်စားကြောင်း ပြောကြားခဲ့သည်ဟု ပြည်နယ်အစိုးရက ပြောကြားခဲ့သည်။ အမေရိကန်ကောင်စစ်ဝန်ချုပ် Kathy Giles-Diaz က ဘင်္ဂလားဝန်ကြီးချုပ် Mamata Banerjee နှင့် ယခုလ ၄ ရက်နေ့တွင် Nabanna ၌ တွေ့ဆုံပြီးနောက် အဆိုပါအချက်ကို ထုတ်ပြန်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နယူးဂျာစီပြည်နယ်အခြေစိုက် Santech Global ကုမ္ပဏီသည် တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် နာနိုအီလက်ထရွန်းနစ်ပစ္စည်းများ အထူးသဖြင့် ထုတ်လုပ်ကြောင်း သိရသည်။ "လိုအပ်တဲ့ အထောက်အပံ့တွေပေးနိုင်ဖို့ ကုမ္ပဏီနဲ့တိုင်ပင်ဆွေးနွေးနေပါတယ်" ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ၎င်းက Santech Global မှ အနောက်ဘင်္ဂလားပြည်နယ်တွင် စီမံကိန်းတည်ထောင်ခြင်းသည် ပြည်နယ်အတွင်း ခိုင်မာသော တစ်ပိုင်းလျှပ်ကူးပစ္စည်းဂေဟစနစ်ဖန်တီးရာတွင် အထောက်အကူပြုမည်ဖြစ်ပြီး စီးပွားရေးအခွင့်အလမ်းများ ပိုမိုပွင့်လာစေမည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ပြည်နယ်အစိုးရက အဆိုပါ GlobalFoundries(GF)သည် လုပ်ငန်းများတိုးချဲ့ရန်အတွက် ထပ်ဆောင်းမြေနေရာပံ့ပိုးပေးရန် တောင်းခံထားကြောင်း ထပ်မံပြောကြားခဲ့သည်။ GF စီမံကိန်းကို ယခင်နှစ် စက်တင်ဘာလက အမေရိကန်သမ္မတဟောင်း Joe Biden နှင့်ဝန်ကြီးချုပ် Narendra Modi တို့ တွေ့ဆုံစဉ်က ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်က ကော်လ်ကတ္တားမြို့၊ Sector V ရှိ အိန္ဒိယဆော့ဖ်ဝဲနည်းပညာပန်းခြံ(STPI)တွင် GF အတွက် ၁၃,၀၀၀ စတုရန်းပေခန့်ရှိသော လိုအပ်သည့်မြေနေရာကို ပေးအပ်ပြီးဖြစ်ကြောင်းပြောကြားခဲ့သည်။ GF က နောက်ထပ် ၁၉,၀၀၀ စတုရန်းပေတောင်းခံထားပြီး ဝန်ကြီးချုပ်က အဆိုပါတောင်းဆိုချက်ကို စဉ်းစားပေးမည်ဟု အာမခံခဲ့ကြောင်း သိရသည်။
ယခုလ ၄ ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အမေရိကန်ကောင်စစ်ဝန်တို့သည် အမေရိကန်ပြည်ထောင်စုနှင့်ပူးပေါင်း၍ တည်ဆောက်မည့် GF Kolkata Power Center အကြောင်း ဆွေးနွေးခဲ့ကြသည်။ ဝန်ကြီးချုပ်က အဆိုပါစီမံကိန်းသည် ပြည်နယ်အတွက် အရေးပါသောအောင်မြင်မှုဖြစ်မည် ဖြစ်ကြောင်းနှင့် အကောင် အထည်ပေါ်လာပါက အလုပ်အကိုင်များစွာဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
Source: Live Mint, Another US-based semicon co to set up project in Bengal - Times of India, June 5, 2025.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)