ဥရောပကော်မရှင်နှင့်ဥရောပဗဟိုဘဏ်(European Central Bank-ECB)တို့သည် ဘူလ်ဂေးရီးယားနိုင်ငံကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်မှစတင်၍ ယူရိုငွေကြေးကို လက်ခံကျင့်သုံးမည့်နိုင်ငံအဖြစ် လက်ခံကြောင်း ၄-၆-၂၀၂၅ ရက်တွင် အသိမှတ်ပြုခဲ့ရာ ဘူလ်ဂေးရီးယားနိုင်ငံသည် ယူရိုတစ်ခုတည်းကိုသာ သုံးစွဲသောငွေကြေးနယ်ပယ်သို့ (၂၁)ခုမြောက်နိုင်ငံအဖြစ် ဝင်ရောက်လာမည်ဖြစ်ပါသည်။
ဘူလ်ဂေးရီးယားနိုင်ငံ၏စီးပွားရေးနှင့်စပ်လျဉ်း၍ဖော်ပြထားသော ပူးတွဲအစီရင်ခံစာ တစ်စောင်တွင် ယူရိုဇုန်ရှိ နိုင်ငံပေါင်း(၂၀)၌ ဥရောပနိုင်ငံသား(၃၄၇)သန်းက လက်ရှိအသုံးပြုလျက်ရှိသော ယူရိုငွေကြေးကို လက်ခံကျင့်သုံးရန်လိုအပ်သည့် တရားဝင်စံနှုန်းများနှင့် ဘူလ်ဂေးရီးယားနိုင်ငံကိုက်ညီကြောင်း ဥရောပကော်မရှင်က ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။
ကော်မရှင်သည် ဘူလ်ဂေးရီးယားနိုင်ငံ၏ စီးပွားရေးနှင့်စျေးကွက်များကို ကျန်အီးယူနိုင်ငံများနှင့် ပေါင်းစပ်လုပ်ဆောင်နိုင်ခြင်းရှိ-မရှိနှင့် နိုင်ငံ၏ငွေပေးချေမှုအခြေ အနေလမ်းကြောင်းများကိုလည်း လေ့လာကြည့်ရှုခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
ECB ကလည်း ဘူလ်ဂေးရီးယားနိုင်ငံသည် ယူရိုငွေကြေးတစ်ခုတည်းကိုသုံးစွဲရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်းနှင့် လိုအပ်သောပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်နိုင်ရေးအတွက် ဘူလ်ဂေးရီးယား၏ ကြိုးပမ်းအားထုတ်မှုအပေါ် ECB ၏ အမှုဆောင်ဘုတ်အဖွဲ့ဝင် Philip Lane က ဂုဏ်ပြုကြောင်း သီးခြားအစီရင်ခံစာတစ်ခုတွင် ဖော်ပြထားပါသည်။
ဘူလ်ဂေးရီးယားနိုင်ငံအနေဖြင့် ၎င်း၏ lev ငွေကြေးကို ယူရိုငွေကြေးသို့ ပြောင်းလဲသုံးစွဲရန် ၂၀၀၇ ခုနှစ်တွင် ဥရောပသမဂ္ဂသို့ ဘူလ်ဂေးရီးယားစတင်ဝင်ရောက်ကတည်းကပင် ကြိုးပမ်းလာခဲ့ကြောင်း၊ ယင်းသို့ကြာရှည်စွာစောင့်ဆိုင်းခဲ့ရပြီးနောက်တွင် ဘူလ်ဂေးရီးယားနိုင်ငံသားအများစုသည် ယူရိုငွေကြေးနှင့်ပတ်သက်၍ ၅၀ ရာခိုင်နှုန်းခန့်မျှ သံသယရှိလာခဲ့ကာ ကနဦးကရှိခဲ့သော စိတ်အားထက်သန်မှုများ ပျောက်ဆုံးသွားကြောင်းကို မေလ၏ Eurobarometer စစ်တမ်းအရ သိရှိရပြီး အချို့သောဘူလ်ဂေးရီးယားနိုင်ငံသားများသည် ငွေကြေးအပြောင်းအရွှေ့ကြောင့် ကုန်ဈေးနှုန်းများမြင့်တက်လာမည်ကို စိုးရိမ်နေကြကြောင်း ဖော်ပြထားပါသည်။
စျေးနှုန်းများပွင့်လင်းမြင်သာမှုရှိစေရန်နှင့် စျေးနှုန်းများမြင့်တက်လာအောင် အလွဲ သုံးစားပြုလုပ်လာမှုများအား တိုက်ဖျက်ရန် အထူးအားထုတ်မှုတစ်ရပ်လိုအပ်လိမ့် မည်ဖြစ်ကြောင်း အီးယူ၏ Economic Commissioner ဖြစ်သူ Valdis Dombrovskis က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
ဘူလ်ဂေးရီးယားသည် ယူရိုငွေစက္ကူများနှင့် ဒင်္ဂါးများကို အသုံးပြုခြင်းအပြင် ယူရိုဇုန်အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်လာခြင်းဖြင့် ဥရောပဗဟိုဘဏ်၏နှုန်းထားများ သတ်မှတ်ချိန်ညှိရေးဆိုင်ရာ အုပ်ချုပ်ရေးကောင်စီတွင်လည်း ထိုင်ခုံနေရာတစ်ခုရရှိလာမည်ဖြစ်ပါသည်။
အီးယူအမှုဆောင်အဖွဲ့၏ အပြုသဘောဆောင်သော အကြံပြုချက်မှာ ဘူလ်ဂေးရီးယားယူရိုဇုန်အဖွဲ့ဝင်ဖြစ်လာမည့်ကိစ္စအား အီးယူခေါင်းဆောင်များအနေဖြင့် ဇွန်လနှောင်းပိုင်းတွင် ထောက်ခံမှုပြုရမည်ဖြစ်ကြောင်း၊ ယင်းနောက် အီးယူဘဏ္ဍာရေးဝန်ကြီးများက lev မှ ယူရိုအဖြစ်သို့ ပြောင်းလဲ သုံးစွဲမည့် ဘူဂေးရီးယား၏ငွေကြေးလဲလှယ်နှုန်းကို ဇူလိုင်လတွင် ချိန်ညှိသွားမည်ဖြစ်ကြောင်း၊ ငွေကြေး အသွင်ကူးပြောင်းရေးအတွက် နည်းပညာပိုင်းပြင်ဆင်ရန် ယခုနှစ်၏ ကျန်ရှိသောအချိန်များအား ချန်ထားမည်ဖြစ်ကြောင်း၊ ယင်းသို့အမှုဆောင်အဖွဲ့၏ အပြုသဘောဆောင်သော အကြံပြုချက်များ ရရှိရန်မှာ ယူရိုဇုန်သို့ဝင်ခွင့်ရရန်လျှောက်ထားသော နိုင်ငံတစ်နိုင်ငံအတွက် စားသုံးသူငွေကြေး ဖောင်းပွမှုနှုန်းသတ်မှတ်ချက်မှာ အီးယူ၏ အကောင်းဆုံးနိုင်ငံ(၃)နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းထက် ၁.၅ ရာခိုင်နှုန်းခန့်ထက် မပိုမှသာလျှင် သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီမည်ဖြစ်ကြောင်း၊ ဧပြီလအတွက် အကောင်းဆုံးနိုင်ငံ(၃)နိုင်ငံမှာ ပြင်သစ်(၀.၉)ရာခိုင်နှုန်း၊ ဆိုက်ပရပ်စ်(၁.၄)ရာခိုင်နှုန်းနှင့် ဒိန်းမတ်(၁.၅)ရာခိုင်နှုန်းတို့ဖြစ်ရာ ဘူလ်ဂေးရီးယားကို (၂.၈) ရာခိုင်နှုန်းဖြင့် ကန့်သတ်ထားကြောင်း ဖော်ပြထားပါသည်။ ထို့ပြင် နိုင်ငံ၏ကြွေးမြီ သည် ၂၀၂၄ ခုနှစ်တွင် ဂျီဒီပီ၏ ၂၄.၁ ရာခိုင်နှုန်းရှိပြီး၊ ၂၀၂၅ ခုနှစ်အတွက်လည်း ဂျီဒီပီ၏ ၂၅.၁ ရာခိုင်နှုန်းခန့်ရှိမည်ဟု မျှော်မှန်ထားပြီးဖြစ်ရာ အီးယူ၏ အမြင့်ဆုံး စံသတ်မှတ်ချက်ဖြစ်သော ၆၀ ရာခိုင်နှုန်း၏အောက်တွင်ပင် ကောင်းစွာရှိနေဆဲဖြစ်ပါသည်။
ဥရောပတွင် ယူရိုငွေကြေးစတင်ခဲ့သည့် ၁၉၉၉ ခုနှစ်မှစတင်၍ ဘူလ်ဂေးရီးယားသည် levမှ ယူရိုသို့ ငွေလဲလှယ်နှုန်း ၁.၉၅၅၈၃ ဖြင့် လဲလှယ်နိုင်ရေးအတွက် ငွေကြေးဘုတ်အဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်သောကြောင့် ယခုကဲ့သို့ယူရိုဇုန်ဝင်ရောက်ခွင့်ကို ၎င်းတို့အနေဖြင့် အလွယ်တကူ လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
၂၀၂၃ ခုနှစ်အစတွင် ယူရိုဇုန်သို့ ခရိုအေးရှားနိုင်ငံ နောက်ဆုံးဝင်ရောက်ခဲ့ပြီးနောက်ပိုင်း (၃)နှစ်အကြာတွင် ဘူလ်ဂေးရီးယား၏ ယူရိုဇုန်ဝင်ခွင့်လျှောက်ထားမှုကို လက်ခံခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။ ဘူလ်ဂေးရီးယားယူရိုဇုန်သို့ ဝင်ရောက်လာပြီးနောက်တွင် အီးယူအဖွဲ့ဝင်နိုင်ငံများအနက် ဆွီဒင်၊ ပိုလန်၊ ချက်သမ္မတနိုင်ငံ၊ ဟန်ဂေရီ၊ ရိုမေးနီးယားနှင့် ဒိန်းမတ်နိုင်ငံ စုစုပေါင်း(၆) နိုင်ငံသာ ယူရိုဇုန်၏ ပြင်ပတွင် ကျန်ရှိတော့မည်ဖြစ်ပါသည်။
(သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)