ဒူဘိုင်းစည်ပင်သာယာရေးအဖွဲ့သည် ၎င်းတို့၏တောင်သူလယ်သမားဈေးပွဲတော် ပဉ္စမရာသီအတွက် မှတ်ပုံတင်ခြင်းကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး ၎င်းသည် ယူအေအီးနိုင်ငံမှ တောင်သူလယ်သမားများနှင့် ဒေသခံထုတ်လုပ်သူများအား ဒေသခံများ၊ ဧည့်သည်များတို့နှင့် တိုက်ရိုက်ချိတ်ဆက်ပေးထားသည့်အဓိကရပ်ရွာလူထုအစီအစဉ်တစ်ရပ် ဖြစ်ကြောင်း ဖော်ပြထားပါသည်။
Al Khawaneej ဒေသရှိ Quranic Park ပန်းခြံတွင် အဆိုပါဈေးပွဲတော်အား၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်အထိ စနေနှင့် တနင်္ဂနွေနေ့တိုင်းတွင် ပြန်လည်ကျင်းပသွားမည်ဖြစ်ပါသည်။
ဤဈေးပွဲတော်သည် တောင်သူလယ်သမားများအတွက် လတ်ဆတ်သောဒေသထွက်ကုန်များကို တည်ခင်းပြသနိုင်သည့်အပြင် ၎င်းတို့၏ လုပ်ငန်းများအား တိုးချဲ့ရန်၊ စိုက်ပျိုးရေးထွက်ကုန်များကို မြှင့်တင်ရန်နှင့် ရေရှည်တည်တံ့သောစိုက်ပျိုးရေးလုပ်ငန်းစဉ်များကို လက်ခံကျင့်သုံးရန်ပံ့ပိုးမှုရရှိထားသည့် လမ်းကြောင်းတစ်ခုဖြစ်ပါသည်။ ပြီးခဲ့သည့်ရာသီက အဆိုပါဈေးပွဲသို့ လာရောက်လည်ပတ်သူဦးရေ ၄၉ % အထိ တိုးတက်လာခဲ့ပြီး မိသားစုနှင့်ယဉ်ကျေးမှုအရ ဆွဲဆောင်မှုရှိသော အတွေ့အကြုံတစ်ခုအဖြစ် ဈေးပွဲတော်၏လူကြိုက်များမှုကို မီးမောင်းထိုးပြသနိုင်ခဲ့ပါသည်။
ယခုရာသီတွင် ယူအေအီးနိုင်ငံသား တောင်သူလယ်သမား ၄၁ ဦးနှင့် ဒေသထွက်ကုန်နှင့် စိုက်ပျိုးရေးလုပ်ငန်းထောက်ပံ့ရေးလုပ်ငန်းရှင် ၁၆ ဦးတို့မှ လတ်ဆတ်ပြီး သဘာဝအော်ဂဲနစ်ထွက်ကုန်ပစ္စည်းအမျိုးမျိုးတို့ဖြင့် ကမ်းလှမ်းရောင်းချသွားမည်ဖြစ်ပါသည်။ လာရောက်လည်ပတ်သူ များအနေဖြင့် ယဉ်ကျေးမှုဆိုင်ရာလှုပ်ရှားမှုများ၊ ပညာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ အပြန်အလှန်ဆွေးနွေးမှုများနှင့် လူထုအသိုင်း အဝိုင်းကို အာရုံစိုက်သည့် လှုပ်ရှားမှုများဖြင့် ကြွယ်ဝသော ဈေးပွဲတော်ပတ်ဝန်းကျင်မှ အတွေ့အကြုံများကို ခံစားနိုင်မည်ဖြစ်ပါသည်။
ဒူဘိုင်းစည်ပင်သာယာရေးအဖွဲ့ရှိ အများပြည်သူပန်းခြံများနှင့် အပန်းဖြေအဆောက်အအုံဌာန၏ ခေတ္တညွှန်ကြားရေးမှူး Mohammed Ahli က ဈေးကွက်၏ ပိုမိုကျယ်ပြန့်သော တန်ဖိုးအပေါ် အဆိုပါဈေးပွဲတော်သည် ဒေသခံတောင်သူလယ်သမားများမှ ၎င်းတို့၏ထွက်ကုန်များအား ရောင်းချသည့် နေရာတစ်ခုထက် ပိုမိုသည်ဖြစ်ကြောင်း၊ လူအများအား စုစည်းပေးထားပြီး ယူအေအီးနိုင်ငံ၏ ထုတ်ကုန်များအပေါ် တန်ဖိုးထား၊ လေးစားမှုအားကောင်းစေသည့် ရေရှည်တည်တံ့သော စားသုံးသူအလေ့ အထများကို အားပေးသည့် မြို့ပြအတွေ့အကြုံတစ်ခုဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့ပါသည်။
အဆိုပါအစီအစဉ်သည် ဒေသခံစိုက်ပျိုးရေးလုပ်ငန်းများအား အဓိကစီးပွားရေးမဏ္ဍိုင်အဖြစ် ပံ့ပိုးပေးမည့် ဒူဘိုင်းမြူနီစီပယ်၏ ကတိကဝတ်အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ ထောက်ပံ့ပို့ဆောင်ရေးပံ့ပိုးမှုများ၊ လေ့ကျင့်ရေးအစီအစဉ်များ၊ အကြံပေးဝန်ဆောင်မှုများနှင့် ယူအေအီးနိုင်ငံသား လယ်သမားများကို စွမ်းဆောင်မှုတိုးတက်စေမည့် အသိပညာပေးလှုပ်ရှားမှုများကို ပေးအပ်ရန် ရည်ရွည်ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။
စိတ်ပါဝင်စားသူများအနေဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့ နောက်ဆုံးထား၍ ဒူဘိုင်းစည်ပင်သာယာရေးအဖွဲ့ ဝက်ဘ်ဆိုက်မှတစ်ဆင့် မှတ်ပုံတင်နိုင်မည်ဖြစ်ပြီး အဆိုပါဈေးပွဲတော်သည် ဒူဘိုင်း၏ ရေရှည်တည်တံ့မှု၊ ရပ်ရွာလူထုမှပါဝင်ဆောင်ရွက်မှုနှင့် အမျိုးသားထုတ်လုပ်မှုမြှင့်တင်ရေးအပေါ် ကတိကဝတ်ကို ဆက်လက်အားဖြည့်ပေးလျက်ရှိပြီး ဒေသခံများနှင့် ဧည့်သည်များတို့အား လတ်ဆတ်ပြီး အရည်အသွေးမြင့်သည့် ဒေသထွက်ကုန်များကို တိုက်ရိုက်ရရှိနိုင်စေနိုင်မည်ဖြစ်ပါသည်။
ပြီးခဲ့သည့် စတုတ္ထရာသီဈေးပွဲတော်တွင် လာရောက်လည်ပတ်သူပေါင်း ၁၀၂,၀၀၀ ကျော်ကို လက်ခံကြိုဆိုနိုင်ခဲ့ပြီး ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ၊ နို့ထွက်ပစ္စည်းများ၊ ပျားရည်နှင့် စွန်ပလွံသီးများအပါ အဝင် ထုတ်ကုန်ပစ္စည်းအမျိုးမျိုးတို့ကို တည်ခင်းပြသနိုင်ခဲ့ပြီး ၎င်းလယ် သမားဈေးပွဲတော်အား ဒူဘိုင်းပြည်နယ်၏ ရပ်ရွာနှင့်စိုက်ပျိုးရေးဆိုင်ရာ ကြိုးပမ်းမှုများ၏ အုတ်မြစ်အဖြစ် ခိုင်မာစေခဲ့ကြောင်း သတင်းဖော်ပြထားပါသည်။
News Source: Dubai Media Office
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)