ထိုင်းနိုင်ငံမှ နယ်စပ်ပိတ်ဆို့မှုနှင့် အင်တာနက်ဖြတ်တောက်မှုများကြောင့် ဖိအားများမြင့်တက်လာခဲ့ရာ ကမ္ဘောဒီးယားစစ်တပ်သည် အငြင်းပွားမှုဖြစ်ပွားနေသည့်နေရာမှ ဆုတ်ခွာပေးပြီး စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရှိရပါသည်။
ဥဘွန်ရချာသနီရှိ ချောင်းဘွတ်ခ်အငြင်းပွားမှုမှ နယ်စပ်ကျူးကျော်မှုပြဿနာကို နှစ်နိုင်ငံ စစ်တပ်များဆွေးနွေးသွားရန်ရှိကြောင်း၊ ကနဦးဆွေးနွေးချက်များအရ နှစ်ဖက်စလုံးသည် သဘောတူညီချက်တစ်ခုရောက်ရှိခဲ့ပြီး ကမ္ဘောဒီးစစ်တပ်မှ အငြင်းပွားမှုနေရာမှ မူလနေရာသို့ ဆုတ်ခွာပေးရန်ဖြစ်ကြောင်း၊ တင်းမာမှုကို လျှော့ချ၍ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ထိုင်းနိုင်ငံ၏ အဆိုပြုချက်အပေါ် ကမ္ဘော့ဒီးယားသည် ကတုတ်ကျင်းများကို ပြန်လည်ဖြည့်ပြီး မူလပုံစံဖြစ်စေရေးဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း၊ နယ်မြေကိစ္စရှေ့ဆက်တိုးရန် ဒေသတွင်းနယ်စပ်ကော်မတီနည်းလမ်းများအတိုင်း အသုံးပြုရန်သဘောတူညီခဲ့ကြောင်း ထိုင်းတော် ဝင်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Winthai Suwaree က ပြောကြားခဲ့ပါ သည်။
ထိုင်းဘုရင့်တပ်မတော်က နှစ်နိုင်ငံအဓိကဖြတ်သန်းနေရာမှ လောင်းကစားသမားများနှင့် ကုန်တင်ကားကြီးများအား ဖြတ်သန်းခွင့်ကို ဖွင့်လှစ်ချိန် လျှော့ချခြင်းဖြင့် ကမ္ဘောဒီးယားနှင့် နယ်စပ်စစ်ဆေးရေးဂိတ် ၁၆ ခု အနက် ၉ ခုကို ကန့်သတ်ချက်များမြှင့်တင်လိုက်ပြီးနောက် ညှိနှိုင်းမှုစတင်ရန် ဖြစ်လာပါကြောင်း၊ ညွှန်ကြားချက်တွင် သက်ရောက်သည့် စစ်ဆေးရေးဂိတ်များတွင် Aranyaprathet ခရိုင် Sa Kaeo ရှိ Ban Khlong Luek ဖြတ်သန်းဂိတ်လည်းပါဝင်ကြောင်း၊ အဆိုပါဖြတ်သန်းဂိတ် ဖွင့်လှစ်ချိန်သည် ယခင်က နံနက် ၆ နာရီ- ည ၁၀ နာရီမှ ယခုအခါ နံနက် ၈ နာရီ-ညနေ ၄ နာရီသို့ပြောင်းလဲသွားကြောင်း၊ ကာစီနိုအတွက် နယ်စပ်ကိုဖြတ်၍ Poipet ထဲသို့ ထိုင်းများဝင်ရောက်မှုကိုလည်း တားမြစ်ထားပြီး ၆ ဘီးအထက်ကားများကိုလည်း ထိုင်း-ကမ္ဘောဒီးယားချစ်ကြည်ရေးတံတားမှ ဖြတ်သန်းခွင့်ကိုလည်း တားမြစ် ထားပါကြောင်း၊ Khao Din နှင့် Ban Taphraya စစ်ဆေးရေးဂိတ်များတွင်လည်း အလားတူကန့်သတ်ချက်များ ချမှတ်ထားကြောင်း သိရှိရပါသည်။
ယာယီစစ်ဆေးရေးဂိတ်များ၏ လုပ်ငန်းဆောင်ရွက်ချိန်ကိုလည်း လျှော့ချထားပြီး Ubon Rat-chathani နှင့် Surin ပြည်နယ်ရှိ အဓိကစစ်ဆေးရေးဂိတ်များမှ ဆောက်လုပ်ရေးပစ္စည်းများတင်ပို့ခြင်းကို ပိတ်ပင်ထားပါကြောင်း၊ Sa Kaeo ရှိ လူဝင်မှုကြီးကြပ်ရေးအရာရှိများကလည်း နယ်စပ်ကိုဖြတ်သန်း၍ လုပ်ငန်းရှိသော သို့မဟုတ် အလုပ်လုပ်ကိုင်နေသော ထိုင်းအပါအဝင် နယ်စပ်ဖြတ်သန်းခွင့်ရှိသော နေထိုင်သူများ၏ ဖြတ်သန်းခွင့်ကာလကိုလည်း ယခင် ၁၄ ရက်မှ ၇ ရက်သို့ လျှော့ချခဲ့ကြောင်း၊ ထိုင်းနိုင်ငံသားများလည်း ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ ကာစီနိုဝိုင်းများတွင် လောင်းကစားလုပ်ဆောင်ခြင်းကိုလည်း ကန့်သတ်လိုက်ကြောင်း၊ ထိုင်းနိုင်ငံတွင်း လာရောက်၍ ဆေးကုသမှုခံယူနေသူများသည်လည်း ပြောင်းလဲသွားသည့် နယ်စပ်ကူးသန်းခွင့်အချိန်အတိုင်း သက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ခြိမ်းခြောက်မှုတားဆီးရေးနှင့်ဖြေရှင်းရေးဗဟိုဌာနက ကမ္ဘောဒီးယားနှင့် နယ်စပ်နေရာရှိ လောင်းကစားနှင့် လိမ်လည်မှုဧရိယာများသို့ လျှပ်စစ်ဓာတ်အားပေးပို့မှုနှင့် အင်တာနက်ပေးပို့မှုကို ဖြတ်တောက်ပြီး ဆိုက်ဘာနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းကိစ္စရပ်များတွင် အသုံးပြုသည့်ပစ္စည်းများကို ထိန်းချုပ်သည့် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းကိစ္စရပ်ကို နိုင်ငံအဆင့် လုံခြုံရေးကောင်စီသို့ တင်ပြသွား မည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏နယ်စပ်တွင် ပိုမိုတင်းကျပ်သောအစီအမံများသည် နိုင်ငံ၏ ကိုယ်ပိုင် နယ်စပ်ကုန်သွယ်မှုနှင့် ပို့ကုန်များကို ကျောခိုင်းထားသကဲ့သို့ဖြစ်နေသည်ဟု ကမ္ဘောဒီးယားသမ္မတ ဟွန်ဆန်က သတိပေးပြောကြားခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘောဒီးယားသည် ထိုင်းနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံကျော်တင်ပို့ခဲ့ပြီး ထိုင်းနိုင်ငံမှ ကမ္ဘောဒီးယားသို့ အမေရိကန်ဒေါ်လာ ၅.၂ ဘီလီယံတင်ပို့ခဲ့သဖြင့် ထိုင်းနိုင်ငံသည် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံ ဖြစ်ပေါ် ခဲ့ကြောင်း သိရှိရပါသည်။
နယ်စစ်စစ်ဆေးရေးဂိတ်များတွင် ဖြတ်သန်းချိန်နှင့် လုပ်ငန်းဆောင်ရွက်ချိန် ကန့်သတ်မှုကို ဧရိယာအလိုက် ပြင်းထန်မှုအပေါ်အခြေခံ၍ တဖြည်းဖြည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်စပ်သည် အပြည့်အဝပိတ်သိမ်းခြင်းမဟုတ်သေးဘဲ ကုန်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားသောဝန်ဆောင်မှုများသည် ပုံမှန်အတိုင်းလည်ပတ်နေပါကြောင်း၊ ဇွန်လ ၁၄ ရက်နေ့တွင် ကျင်းပမည့် ပူးတွဲနယ်စပ်ကော်မတီကဲ့သို့သော နှစ်နိုင်ငံနည်းလမ်းအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ(MOU43)ပါအတိုင်း ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ နယ်စပ်ကိစ္စရပ်နှင့်စပ်လျဉ်း၍ အထူးလွှတ်တော်အစည်းအဝေးကျင်းပနိုင်ရေး အစိုးရအဖွဲ့ကိုတိုက်တွန်းသွားရန် စီစဉ်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Nikorndej Balankura က ပြောကြားခဲ့ပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)