အိန္ဒိယ၏ အစိုးရဂိုဒေါင်များတွင် ဆန်သိုလှောင်မှုမှာ လွန်ခဲ့သည့်နှစ်မှစတင်၍ ဇွန်လအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ၁၈ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင်း၊ ဂျုံသိုလှောင်မှုမှာလည်း လယ်သမားများထံမှ ပိုမို၀ယ်ယူမှုများကြောင့် လေးနှစ်အတွင်းအမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း တရားဝင်အချက်အလက်များက ဗုဒ္ဓဟူး နေ့တွင် ဖော်ပြခဲ့သည်။
စံချိန်တင်ဆန်သိုလှောင်ထားရှိမှုသည် ကမ္ဘာ့အကြီးဆုံးဆန်တင်ပို့သူဖြစ်သည့် အိန္ဒိယနိုင်ငံအား တင်ပို့ရောင်းချမှုကိုတိုးမြှင့်ပေးမည်ဖြစ်ပြီး ဂျုံလက်ကျန်စာရင်းတိုးတက်လာခြင်းသည် အိန္ဒိယအစိုးရအား စျေးကွက်အတွင်းရောင်းချမှုတိုးလာခြင်းခြင်းဖြင့် ယခုနှစ်နှောင်းပိုင်းတွင် စျေးနှုန်းတက်ခြင်းများကို ထိန်းနိုင်စေရန် ကူညီပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဇွန်လ ၁ ရက်နေ့အထိစာရင်းများအရ ကြိတ်ခွဲခြင်းမပြုရသေးသောစပါးများအပါ အဝင် နိုင်ငံတော်အရန်ဆန်မှာ စံချိန်တင်မက်ထရစ်တန် ၅၉ ဒသမ ၅ သန်းရှိပြီး ဇူလိုင် ၁ ရက်အတွက် အစိုးရ၏လျာထားချက် တန်ချိန် ၁၃ ဒသမ ၅ သန်းထက် များစွာကျော်လွန်လျက်ရှိကြောင်း သိရှိရပါသည်။
ဇွန်လ ၁ ရက်နေ့တွင် ဂျုံလက်ကျန်တန်ချိန် ၃၆ ဒသမ ၉ သန်းရှိပြီး အစိုးရ၏ လျာထားချက် တန်ချိန် ၂၇ ဒသမ ၆ သန်းထက်ကျော်လွန်လျက်ရှိကြောင်း ကိန်း ဂဏန်းများအရ သိရသည်။
နယူးဒေလီအခြေစိုက် ဆန်ကုန်သည်တစ်ဦးက ဆန်သိုလှောင်မှုမှာ အလွန်အမင်းများပါကြောင်း၊ နောက်ရာသီအတွက် ဆန်ဝယ်ယူသိုလှောင်မှုအစီအစဉ်များသည် အောက်တိုဘာလတွင် ပြန်လည်စတင်မည်ဖြစ်သဖြင့် အစိုးရကယခုသိုလှောင်ထားရှိမှုကိုလျှော့ချရန် လိုအပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားသည့် အိန္ဒိယသည် ၂၀၂၂ ခုနှစ်တွင် စတင်ချမှတ်ခဲ့သည့် ဆန်ဖြူတင်ပို့မှုကန့်သတ်ချက်များကို ၂၀၂၅ ခုနှစ်၊ မတ်လတွင် ဖယ်ရှားခဲ့သည်။
မွန်ဘိုင်းမြို့အခြေစိုက် ကုန်သည်တစ်ဦးက ဂျုံများပိုမိုဝယ်ယူထားသောကြောင့် လက်ကျန်သိုလှောင်မှုများစွာရှိနေခြင်းသည် အစိုးရအတွက် သက်တောင့်သက်သာအနေအထားကို ရရှိစေကြောင်း၊ အဓိကအားဖြင့် အစိုးရသည် ဈေးကွက်အတွင်း ဂျုံရှားပါးသည့်အချိန်တွင် စားသုံးသူအမြောက်အများထံ ဂျုံပိုမိုရောင်းချနိုင်စေမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
အစိုးရသည် ယခုအချိန်အထိ လယ်သမားများထံမှ ဂျုံတန်ချိန် သန်း ၃၀ ကို ဝယ်ယူထားပြီး ဖြစ်ပါကြောင်း၊ ယင်းသည် လေးနှစ်အတွင်း အများဆုံးဖြစ်ကြောင်း အိန္ဒိယအစားအစာကော်ပိုရေးရှင်း(Food Corporation of India (FCI))မှ ပြုစုထားသော အချက်အလက်များအရ သိရသည်။
လွန်ခဲ့သည့်သုံးနှစ်အတွင်း ဂျုံထွက်ရှိမှုနည်းပါးခြင်းကြောင့် FCI မှ ဝယ်ယူမှုနည်းပါးခဲ့ပြီး ဂျုံဈေးနှုန်းကိုမြင့်တက်စေခဲ့ကြောင်းနှင့် အိန္ဒိယသည် (၇)နှစ်အတွင်း ပထမဆုံးအကြိမ် ဂျုံတင်သွင်းရန် တွန်းအားပေးမှုများမြင့်တက်ခဲ့ကြောင်း သိရှိရသည်။
သို့သော် ယခုနှစ်တွင် ဂျုံသိုလှောင်မှုများမြင့်တက်လာခြင်းကြောင့် နိုင်ငံသည် ပြည်ပမှ တင်သွင်းခြင်းမပြုဘဲ ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းပေးသင့်ကြောင်း ပြောကြားလျက်ရှိပါသည်။
Source: India’s granaries overflow as rice stocks hit record, wheat sugers, The Economic Times, 11 June, 2025.
(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)