International News

၂၀၂၅ ဘဏ္ဍာနှစ် ပထမနှစ်ဝက်တွင် ဂျပန်နိုင်ငံ၏ စာရင်းရှင်စာရင်းပိုငွေမှာ ၉ ရာခိုင်နှုန်းများပြားခဲ့

Last Updated:

ကုန်သွယ်မှုလိုငွေကျဆင်းခဲ့ခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ အမြတ်ရရှိမှုများပြားခဲ့ခြင်းတို့ကြောင့် ၂၀၂၅ ဘဏ္ဍာနှစ် ပထမနှစ်ဝက်တွင် ဂျပန်နိုင်ငံ၏ စာရင်းရှင်စာရင်းပိုငွေမှာ ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၉.၁ ရာခိုင်နှုန်းများပြားခဲ့ပြီး ၁၄.၆၀ ထရီလီယံယန်း(အမေရိကန် ဒေါ်လာ ၉၉.၁ ဘီလီယံ)ရှိခဲ့ကြောင်း ဂျပန်အစိုးရက ထုတ်ပြန်ခဲ့သည်ကို ၈-၈-၂၀၂၅ ရက်နေ့ထုတ် The Mainichi သတင်းစာတွင် “Japan's current account surplus grows 9% in 1st half of 2025” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ၆ လတာကာလအတွင်း ဂျပန်နိုင်ငံ၏ စာရင်းရှင်စာရင်းပိုငွေမှာ ၁၉၈၅ ခုနှစ်မှစတင်၍ ဒုတိယအများဆုံးဖြစ်ခဲ့ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့် စက် ကိရိယာများနှင့်မော်တော်ယာဉ်များတင်ပို့မှုမြင့်မားခဲ့ခြင်းကြောင့် ပို့ကုန်မှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၂.၃ ရာခိုင်နှုန်း မြင့်မားခဲ့ပြီး ၅၁.၈၆ ထရီလီယံယန်းရှိခဲ့ကြောင်း၊ ထို့ကြောင့် ဂျပန်နိုင်ငံ၏ ကုန်စည်ကုန်သွယ်မှုလိုငွေမှာ ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၈.၉ ရာခိုင်နှုန်းလျော့နည်းခဲ့ပြီး ၁.၇၆ ထရီလီယံယန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ဆေးပစ္စည်းများနှင့် ဆက်သွယ်ရေးကိရိယာများ တင်သွင်းမှုများပြားခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ၏သွင်းကုန်မှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၀.၉ ရာခိုင်နှုန်းများပြားခဲ့ပြီး၊ ၅၃.၆၂ ထရီလီယံယန်းရှိခဲ့ကြောင်း၊ ဂျပန်နိုင်ငံ ၏ထုတ်ကုန်များအပေါ် အမေရိကန်နိုင်ငံမှ အကောက်ခွန်များတိုးမြှင့်ကောက်ခံခဲ့သော်လည်း ဂျပန်နိုင်ငံ၏ပို့ကုန်မှာ ဆက်လက်မြင့်မားနေဆဲဖြစ်ကြောင်း၊ဘဏ္ဍာရေးကဏ္ဍ၊ အာမခံလုပ်ငန်းကဏ္ဍနှင့် ဆက်သွယ်ရေး ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံထားသော ဂျပန်ကုမ္ပဏီများ၏ ပြည်ပနိုင်ငံများရှိ ရုံးခွဲများမှ အမြတ်ခွဲဝေရရှိမှုများမြင့်မားခဲ့ခြင်းကြောင့် ဂျပန်ကုမ္ပဏီများ၏ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ ဝင်ငွေရရှိမှုမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၃.၃ ရာခိုင်နှုန်းများပြားခဲ့ပြီး ၂၀.၇၇ ထရီလီယံယန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ၆ လတာကာလအတွင်း ဂျပန်နိုင်ငံသို့ ပြည်ပခရီးသွားဧည့်သည် ၂၁.၅၂ သန်းနီးပါးလာရောက်ခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၁ ရာခိုင်နှုန်း မြင့်မားခဲ့ကြောင်း၊ထို့ပြင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ၆ လတာကာလ အတွင်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများမှ ဝင်ငွေရရှိမှုမှာ ၃.၆၁ ထရီလီယံယန်းရှိခဲ့ပြီး၊ စံချိန်တင်အများဆုံးဖြစ်ခဲ့သည့်အတွက် ဂျပန်နိုင်ငံ၏ ဝန်ဆောင်မှုလိုငွေမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၃၀.၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ ၁.၃၈ ထရီလီယံယန်းရှိခဲ့ကြောင်း၊ ခရီးသွားဝန်ဆောင်မှုပိုငွေဆိုသည်မှာ ဂျပန်နိုင်ငံသားများမှ ပြည်ပနိုင်ငံများတွင် သုံးစွဲခဲ့သည့်ပမာဏထက် ပြည်ပခရီးသွားဧည့်သည်များမှဂျပန်နိုင်ငံတွင်သုံးစွဲခဲ့သည့် ပမာဏမှာ ပိုမိုများပြားခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်းနှင့် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ဂျပန်နိုင်ငံ၏ စာရင်းရှင်စာရင်း ပိုငွေမှာ ၁.၃၅ ထရီလီယံယန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News