International News

တရုတ်နိုင်ငံမှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ အာဆီယံဈေးကွက်များတွင် ရေပန်းစားလာ

Last Updated:

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ ရှီဆောင်ဘန်နားဒိုင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(Xishuangbanna Dai)၊ မန်ဟိုင်းခရိုင်(Menghai)၊ ကျင်းလိုင်ကျေးရွာ(Jinglai)တွင် နံနက်စောစောမြူဆိုင်းဆိုင်းအချိန်၌ ဒေသခံယူရင်အယ်(Yu Ying'er)သည် လတ်လတ်ဆတ်ဆတ်ဆွတ်ခူးထားသော ဟင်းသီးဟင်းရွက်များကို သူမ၏သုံးဘီးယာဉ်ပေါ်သို့ တင်ဆောင်နေသည်။ တစ်နာရီအတွင်း  နှင်းဖုံးနေသော ကုန်ပစ္စည်းများသည် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးအတွက် သတ်မှတ်ထားသောကင်းလွှတ်ခွင့် လမ်းကြောင်း green channel မှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများရှိ ဈေးကွက်များဆီသို့ ဦးတည်ထွက်ခွာသွားမည်ဖြစ်သည်။

နယ်စပ်တလျှောက် ဟင်းသီးဟင်းရွက်ရောင်းချသူ ယူက တရုတ်နိုင်ငံမှ ထွတ်ကုန်များသည် ၎င်းတို့၏အမျိုးအစားစုံလင်မှုနှင့် အရည်အသွေးမြင့်မားမှုတို့ကြောင့် မြန်မာနိုင်ငံတွင် ဝယ်လိုအားကောင်းသည်ဟုဆိုသည်။ နယ်စပ်လမ်းကြောင်းမှ သုံးဘီးယာဉ်များဝင်ထွက်သွားလာနေသည့်မြင်ကွင်းသည် ဤဒေသတွင် သာမန်မြင်ကွင်းတစ်ခုဖြစ်လာသည်။

မကြာသေးမီနှစ်များအတွင်း ယူနန်ပြည်နယ်မှ သစ်သီးဝလံများနှင့် ဟင်းသီး ဟင်းရွက်များသည် အာဆီယံ(ASEAN)ဈေးကွက်များတွင် ရေပန်းစားလာခဲ့သည်။ စပျစ်သီး၊ လိမ္မော်သီး၊ မှိုနှင့် အခြားအထူး ဒေသထွက်ကုန်များသည် အဓိကတင်ပို့ကုန်များအဖြစ် ပေါ်ထွက်လာခဲ့သည်။

ကူမင်းအကောက်ခွန်၏အချက်အလက်များအရ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း ယူနန်ပြည်နယ်၏ အာဆီယံနှင့် စိုက်ပျိုးရေးကဏ္ဍကုန်သွယ်မှုတန်ဖိုးသည် ယွမ် ၁၈.၆ ဘီလီယံ(အမေရိကန်ဒေါ်လာ ၂.၆၂ ဘီလီယံခန့်)ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်လျှင် ၂၃.၅ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ ဤကာလအတွင်း သစ်သီးဝလံတင်ပို့မှု တစ်ခုတည်းအားဖြင့် ၄၄.၃ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်။

အဆိုပါတိုးတက်မှုကို ယူနန်ပြည်နယ်၏ ထူးခြားသောပထဝီအနေအထားနှင့် ရာသီ ဥတုအခြေအနေများကြောင့်ဖြစ်ကြောင်းတွေ့ရှိရသည်။ တရုတ်နိုင်ငံ စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ၏ ဟင်းသီးဟင်းရွက်နှင့် ပန်းများသုတေသနဌာန(Institute of Vegetables and Flowers at the Chinese Academy of Agricultural Sciences)၊ ဒုတိယညွှန်ကြားရေးမှူး Zhang Shengping က ယူနန်သည် မြင့်မား သောတောင်ကုန်းဒေသဖြစ်ပြီး နေရောင်ခြည်အပြည့်အဝရရှိခြင်း၊ ဇီဝမျိုးကွဲများကြွယ်ဝခြင်းတို့ကြောင့် အပူပိုင်းနှင့် သမပိုင်းရာသီဥတုရှိသော သစ်သီးများကို တစ်နှစ်ပတ်လုံးစိုက်ပျိုးထုတ်လုပ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ထူးခြားချက်အနေဖြင့် ယူနန်ပြည်နယ်၏ သီးနှံများစိုက်ပျိုးရိတ်သိမ်းချိန်သည် အာဆီယံ၏ထုတ်လုပ်မှုစက်ဝန်းကို ဖြည့်ဆည်းပေးနိုင်သည့်အပြင် ရာသီအလိုက်ကွာဟချက်များကို ဖြည့်ဆည်းပေးသည်။ ထိုင်းနိုင်ငံရှိ သစ်သီးဆိုင်များမှ အင်ဒိုနီးရှားနိုင်ငံရှိ စူပါမားကတ်များအထိ ယူနန်ပြည်နယ်မှ စပျစ်သီး၊ လိမ္မော်သီးနှင့် ပန်းသီးများသည် မြင်တွေ့ရလေ့ရှိသောအသီးများ(familiar sights)ဖြစ်လာသည်။

ယူနန်ပြည်နယ်သည် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်မှုတွင်လည်း အဓိကနေရာက ပါဝင်လျက်ရှိသည်။ ပြည်နယ်၏တောင်ဘက် တောင်ကြားဒေသများတွင် ဆောင်းရာသီ၌ နွေရာသီဟင်းသီးဟင်းရွက်များကို စိုက်ပျိုးထုတ်လုပ်ပြီး ကုန်းမြင့်ဒေသများတွင် နွေရာသီ၌ ဆောင်းရာသီဟင်းသီးဟင်းရွက်များကို စိုက်ပျိုးထုတ်လုပ်ကြသည်။ ပြည်နယ်ကူးသန်းရောင်းဝယ်ရေးဌာန(provincial depart ment of commerce)မှ အရာရှိ Wang Tao က ဤသို့စိုက်ပျိုးခြင်းသည် တစ်နှစ်ပတ်လုံးစဉ်ဆက်မပြတ်ရောင်းချနိုင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ထောက်ပံ့ပို့ဆောင်ရေးအဆင့်မြှင့်တင်မှုများသည် တင်ပို့မှုများ ပိုမိုတိုးတက်စေခဲ့သည်။ တရုတ်-လာအိုမီးရထားလမ်းနှင့် ရိုးရှင်းသော အကောက်ခွန်လုပ်ထုံးလုပ်နည်းများသည်ကုန်းလမ်းကုန်စည်ပို့ဆောင်မှုနှင့်နှိုင်းယှဉ်ပါက သယ်ယူ ပို့ဆောင်ချိန်ကို ထက်ဝက်နီးပါးလျှော့ချပေးနိုင်သည်။

ဩဂုတ်လအစောပိုင်းတွင် "လူလျန်ဟင်းသီးဟင်းရွက်"(Luliang Vegetable) အအေးခန်းကုန်သေတ္တာတွဲများပါသည့် ရထားတစ်စင်းသည် ယူနန်ပြည်နယ်၊ ချီကျင်မြို့(Qujing)ရှိ လူလျန်ရထားဘူတာ(Luliang Station)မှ ထိုင်းနိုင်ငံ၊ မြို့တော် ဘန်ကောက်မြို့သို့ လတ်ဆတ်သောထုတ်ကုန်များကို သယ်ဆောင်သွားခဲ့သည်။ အပြန်ခရီးစဉ်တွင် ထိုင်နိုင်ငံမှ ဒူးရင်းသီးနှင့် အခြားအပူပိုင်းဒေသထွက်သစ်သီးများကို တရုတ်နိုင်ငံသို့ သယ်ဆောင်လာခြင်းဖြင့် နှစ်လမ်းသွားကုန်သွယ်ရေးစင်္ကြန် (two-way trade corridor)ကို ဖန်တီးပေးနိုင်ခဲ့သည်။

တရုတ်-လာအိုမီးရထားလမ်းသည် အပြည်ပြည်ဆိုင်ရာကုန်းလမ်း၊ ရေလမ်းကုန်သွယ်ရေးစင်္ကြန်သစ်(New International Land-Sea Trade Corridor) နှင့် တရုတ်-ဥရောပမီးရထားလမ်း(China-Europe Railway Express)တို့နှင့် ပေါင်းစပ်လိုက်ခြင်းဖြင့် ယခုအခါ တရုတ်နိုင်ငံ၏ ပြည်နယ်စုစုပေါင်း ၃၁ ခုနှင့် လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှား စသည့်နိုင်ငံများအပါအဝင် နိုင်ငံနှင့်ဒေသပေါင်း ၁၉ ခုသို့ ဖြတ်သန်းသွားမည်ဖြစ်သည်။ အဆိုပါကွန်ရက်သည် ယူနန်ပြည်နယ်၏ ကုန်းမြင့်ထွက်ကုန်များ(highland produce)ကို ကမ္ဘာ့ဈေးကွက်သို့ရောက်ရှိနိုင်မည့် အမြန်လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ပေးခြင်းဖြစ်သည်။

ဩဂုတ်လနောက်ပိုင်းတွင် အအေးခန်းကုန်သေတ္တာတွဲများပါသည့် ရထားတစ်စင်း သည် ယူရှီမြို့(Yuxi)မှ ဟင်းသီးဟင်းရွက်တန်ချိန် ၄၀၀ ကျော်ကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ခရီးစဉ်တစ်ခုလုံးကြာမြင့်ချိန်သည် သုံးရက်သာရှိခဲ့သည်။ မီးရထားလမ်း၊ ကုန်းလမ်းနှင့် ရေလမ်းတို့မှ ဘက်စုံသယ်ယူပို့ဆောင်ရေးစနစ်သည် ယူနန်ထုတ်ကုန်များကို စင်္ကာပူနိုင်ငံနှင့် အခြားဒေသများသို့ ရောက်ရှိစေသည်။

လာအို၊ ဗီယက်နမ်နှင့် အခြားအရှေ့တောင်အာရှနိုင်ငံများနှင့် နီးကပ်စွာတည်ရှိခြင်းသည် ယူနန်ပြည်နယ်ကို ပို့ကုန်တင်ပို့မှုတွင် သဘာဝအားသာချက်တစ်ခုအဖြစ် ဖန်တီးပေးသည်။ တရုတ်-လာအို-ထိုင်းမီးရထားလမ်း အပြည့်အဝချိတ်ဆက်ပြီး ဖြန့်ဖြူးရေးစင်တာသစ်များဆောက်လုပ်ခြင်းနှင့်အတူ အရည်အသွေးမြင့်"ယူနန်အမှတ်တံဆိပ်"ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်နိုင်ရန် မျှော်လင့်ထားကြောင်း တွေ့ရှိရသည်။

ထိရောက်သော သယ်ယူပို့ဆောင်ရေးစနစ်နှင့် ရိုးရှင်းသော အကောက်ခွန်လုပ်ထုံး လုပ်နည်းများသည် လတ်ဆတ်မှုကို သေချာစေသည်။ Honghe Dayou Trading Co., Ltd ၏မန်နေဂျာ Zhao Ziqi က မန်စီ(Mengzi)မှ တင်ပို့သောလိမ္မော်သီးများကို ပို့ဆောင်သည့်နေ့တွင်ပင် ဗီယက်နမ်စားသုံးသူများထံ ရောက်ရှိနိုင်ကြောင်းပြောကြားခဲ့သည်။ ယူနန်ပြည်နယ်၏ မြို့တစ်မြို့ဖြစ်သော ဟုန့်ဟေးမြို့(Honghe)တွင် ဒီဇင်ဘာလမှ ဇူလိုင်လအထိ Orah လိမ္မော်သီးများစိုက်ပျိုးရိတ်သိမ်းနိုင်သဖြင့် အာဆီယံဈေးကွက်များသို့ တစ်နှစ်ပတ်လုံး လတ်ဆတ်သောလိမ္မော်သီးများကို ပံ့ပိုးပေးနိုင်သည်။

မူဝါဒအစီအမံများသည်လည်း တိုးတက်မှုကို အထောက်အကူပြုပါသည်။ ဩဂုတ် လတွင် ယူနန်ပြည်နယ်သည် အခွန်စီမံခန့်ခွဲမှုကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန်နှင့် လက်ဖက်၊ ပန်း၊ ကော်ဖီ၊ မှိုနှင့် အစေ့အဆန်များအပါအဝင် ကုန်းမြင့်အထူးဒေသထုတ်ကုန်များတင်ပို့မှုကို တိုးချဲ့ရန် စတင်ဆောင်ရွက်ခဲ့သည်။

တရုတ်(ယူနန်)လွတ်လပ်သော ကုန်သွယ်ရေးဇုန်(China (Yunnan) Pilot Free Trade Zone)အတွက် စည်းမျဉ်းသစ်များသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် စတင်အသက်ဝင်ခဲ့ပြီး ဆန်းသစ်သော ကုန်သွယ်ရေးပုံစံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ခြင်းနှင့် နယ်စပ်ဖြတ်ကျော်အလုပ်သမားစမ်းသပ် မှုအစီအစဉ်များကို အားပေးသည့်အချက်များ ပါဝင်သည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံးသစ်သီးထုတ်လုပ်သူနှင့် စားသုံးသူဖြစ်ပြီး အာဆီယံနှင့် စိုက်ပျိုးရေးကဏ္ဍကုန်သွယ်မှုသည် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(Regional Compre -hensive Economic Partnership-RCEP)နှင့် Belt and Road framework မူဘောင်အောက်တွင် တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။ အဓိကထုတ်လုပ်ရေးနှင့် တင်ပို့ရေးစခန်းတစ်ခုအဖြစ် ယူနန်ပြည်နယ်၏ လျင်မြန်စွာကြီးထွားလာသော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကုန်သွယ်မှုသည် ဒေသတွင်းအားသာချက်များကို နိုင်ငံတကာမဟာဗျူဟာများနှင့်မည်သို့လိုက်လျော ညီထွေဖြစ်စေပြီး ကမ္ဘာ့ဈေးကွက်သို့ ရောက်ရှိနိုင်ကြောင်း ပြသနေသည်။

အရင်းမြစ်။ https://en.people.cn/n3/2025/0911/c90000-20365039.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News