ဂါနာနိုင်ငံ သမ္မတ John Dramani Mahama ၏ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့တွင် စင်ကာပူနိုင်ငံသို့လာရောက်ခဲ့သည့် ခရီးစဉ်၌ စင်ကာပူနိုင်ငံသမ္မတ Tharman Shanmugaratnam က “အာဖရိကမြောက်ပိုင်းနိုင်ငံဖြစ်သည့် ဂါနာနိုင်ငံ၏ မက်ခရိုစီးပွားရေးမှာ ပြန်လည်တည်ငြိမ်လာပြီး ငွေကြေးမှာလည်း ခိုင်မာလာကြောင်း၊ ဂါနာနိုင်ငံသည် ၎င်း၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ် အကိုင်ဖန်တီးပေးနိုင်မှုတို့ကို အလေးပေးဆောင်ရွက်လျက်ရှိပြီး အဆိုပါအချက်သည် စင်ကာပူစီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးအရ အကျိုးအမြတ်ရရှိစေမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
သမ္မတ Tharman Shanmugaratnam က “စက်မှုလယ်ယာကဏ္ဍ၊ အစားအစာပြုပြင်ထုတ်လုပ်ခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ထုတ်လုပ်ထောက်ပံ့မှုကွင်းဆက် စီမံခန့်ခွဲခြင်း၊ သစ်သီး၊ ဟင်းသီးဟင်းရွက်ကဲ့သို့ ပုပ်သိုးလွယ်သည့် ကုန်စည်များကို သယ်ယူပို့ဆောင်ရာတွင် အအေးခန်းအေးခဲစနစ်ဖြင့် သယ်ယူပို့ဆောင်သည့်စနစ်များအပါအဝင် စင်ကာပူလုပ်ငန်းများ၏အတွေ့အကြုံများသည် ဂါနာလယ်သမားများကို ပိုမိုအကျိုးအမြတ်ရရှိစေရေး အကူအညီဖြစ်စေမည်ဖြစ်ကြောင်း၊ ထို့ပြင်ကာဗွန်ဈေးကွက်သည် နှစ်နိုင်ငံအတွက် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံနှင့်ဂါနာနိုင်ငံတို့သည် ၂၀၂၄ ခုနှစ်၊ မေလတွင် carbon credit ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း” ပြောကြားခဲ့ပါ သည်။
နှစ်နိုင်ငံသည် ဆိပ်ကမ်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဂါနာနိုင်ငံသည် ၎င်း၏အကြီးဆုံးဆိပ်ကမ်းကို တိုးချဲ့ရန်ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့အကြီးဆုံးသင်္ဘောများဆိုက်ကပ်နိုင်ရန်နှင့် ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများကို ၃ ဆတိုး၍ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ထားကြောင်း၊ ဆိပ်ကမ်းလုပ်ငန်းများဆောင်ရွက်နိုင်မှုမြင့်တက်စေရန်၊ ချိတ်ဆက်မှု ခိုင်မာအားကောင်းစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ဖန်တီးနိုင်ရန်စသည်တို့အတွက် ဆိပ်ကမ်းစီမံခန့်ခွဲမှုနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများတွင် အတွေ့အကြုံများနှင့် ကျွမ်းကျင်မှုတို့ကို စင်ကာပူနိုင်ငံအနေဖြင့် မျှဝေမည်ဖြစ် ကြောင်း သမ္မတ Tharman Shanmugaratnam ၏ ပြောကြားချက်အရ သိရှိရပါသည်။
ဂါနာနိုင်ငံ သမ္မတ John Dramani Mahama က “စင်ကာပူကုမ္ပဏီများကို ဂါနာနိုင်ငံတွင် လာရောက်၍ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် ကြိုဆိုကြောင်းနှင့် စင်ကာပူနိုင်ငံတွင် ဂါနာလုပ်ငန်းများနှင့် စင်ကာပူလုပ်ငန်းများပူးပေါင်း၍ စီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်မျှော်လင့်ကြောင်း” ပြောကြားခဲ့ပါသည်။ သမ္မတ John Dramani Mahama က စင်ကာပူနိုင်ငံသမ္မတနှင့်တွေ့ဆုံခဲ့စဉ် ညှိနှိုင်းဆဲဖြစ်သည့် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်၊ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု၊ ရေရှည်တည်တံ့သည့်ဖွံ့ဖြိုးတိုးတက်မှု၊ စိုက်ပျိုးရေးအခြေပြုစီးပွားရေး၊ ဘဏ္ဍာရေးဆိုင်ရာနည်းပညာနှင့် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုစသည့် ဘဏ္ဍာရေးဆိုင်ရာတီထွင်ဆန်းသစ်မှုတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် အာဖရိက-စင်ကာပူစီးပွားရေးဖိုရမ်တွင် အာဖရိကသို့ ရင်းနှီးမြှုပ်နှံမှုများပိုမိုဝင်ရောက် လာရန် ဖိတ်ခေါ်ခဲ့ပါသည်။
ရင်းမြစ်။ The Straits Times
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)