KfW သည် အာဖရိကတွင် လမ်းလုပ်ငန်းများဆောင်ရွက်နိုင်ရေးမှသည် အာရှဒေသတွင် ရေရရှိရေး၊ ရေပေးဝေရေးစနစ်များ ဖွံ့ဖြိုးမှုရှိလာသည်အထိ ကမ္ဘာတစ်ဝှမ်းရှိ စီမံကိန်းပေါင်းများစွာအတွက် ရန်ပုံငွေများထူထောင်ပေးလျက်ရှိသော ဂျာမနီနိုင်ငံကို ကျောထောက်နောက်ခံပြုထားသည့် ကမ္ဘာ့အကြီးဆုံးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဘဏ်တစ်ခုဖြစ်သည်။
သို့သော် KfW မှ ချေးငွေထုတ်ပေးထားသော စီမံကိန်းများအောင်မြင်မှုမရှိဘဲ ဆုတ်ယုတ်လာသောအခါ KfW အတွက် ဝန်ထုပ်ဝန်ပိုးများဖြစ်လာခဲ့ပါကြောင်း၊ ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဘဏ်၏ လူ့အခွင့်အရေးမှတ်တမ်းဆိုင်ရာ အစီရင်ခံစာအသစ်တစ်ခုတွင် ယခုကဲ့သို့ဖြစ်ပျက်နေခြင်းသည် ဖြစ်နိုင်ခြေသက်သက်မဟုတ်ဘဲ လက်တွေ့ဖြစ်ပေါ်နေသော အမှန်တကယ်ဆုံးရှုံးနိုင်ခြေများဖြစ်ပါကြောင်း၊ ၎င်းတို့အနေဖြင့် ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိသေးပါကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိသောဘဏ်ဟူသောဆောင်ပုဒ်ဖြင့် လူသိများခဲ့သည့် KfW သည် ပြည်သူအများ၏ ငွေကြေးဖြင့် ရပ်တည်နေသည့်အတွက် ယခုကဲ့သို့ဆုံးရှုံးမှုမျိုးကို ဝမ်းနည်းဖွယ်ကောင်းသော ဖြစ်ရပ်တစ်ခုအဖြစ်သာမက ဂျာမန်ပြည်သူများမှ အခွန်အခပေးပြီး ထည့်ဝင်ထားသောငွေများအဖြစ်ပါ ခံယူထားပါကြောင်း ဖော်ပြထားပါသည်။
အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများ စုစည်းထားသော လူ့အခွင့်အရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ညွန့်ပေါင်းအဖွဲ့မှ ပြုစုထားသည့်အစီရင်ခံစာတွင် KfW ၏ ပြည်ပရှိစီမံကိန်းများကြောင့် ထိလွယ်ရှလွယ်သောလူ့အသိုက်အဝန်းများအကြား သက်ရောက်မှုများရှိလာမည်ကိုစိုးရိမ်ကြောင်း၊ Urgewald ဟုအမည်ရသော ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးအခြေအနေအပေါ် လူမှုရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို ခြေရာခံရန်ဖွဲ့စည်းထားသည်ဟု လူအများသိထားကြသော ဂျာမန်အခြေစိုက်စောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သည့် ညွန့်ပေါင်းအဖွဲ့ကလည်း KfW ၏တာဝန်မဲ့ဘဏ်လုပ်ငန်းနှင့် နောက်ကွယ်မှ အန္တရာယ်ရှိသော ဆုံးရှုံးနိုင်ခြေများဖြစ်ပေါ်ခဲ့မှုများကို KfW ၏ဆောင်ပုဒ်ကိုထောက်ပြ၍ အပြစ်တင်စွပ်စွဲခဲ့ကြောင်း ဖော်ပြထားပါသည်။
KfW ကဲ့သို့သော ဖွံ့ဖြိုးရေးဘဏ်များသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ထွန်းသစ်စစီးပွားရေးအတွက် အနာဂတ်ကို ၎င်းတို့မည်သို့ပုံဖော်ပေးနေကြောင်း မီးမောင်းထိုးပြရန် ကြိုးစားနေကြသော်လည်း လက်တွေ့တွင် အင်ဒိုနီးရှား၊ မက္ကဆီကိုနှင့် အခြားဒေသများ၌ ငွေချေးပေးသူဘဏ်ဘက်မှ အထောက်အပံ့ပေးထားသော အခြေခံအဆောက်အအုံဆိုင်ရာစီမံကိန်းများဆောင်ရွက်ရန် ဒေသခံများကို ဘဏ်က လုံလောက်သောညှိနှိုင်းမှု၊ ထိတွေ့ဆံဆက်မှုများပြုလုပ်ခြင်း၊ လျော်ကြေးပေးခြင်းများ ဆောင်ရွက်ပေးမှုမရှိဘဲ စီမံကိန်းပတ်ဝန်းကျင်နေထိုင်သူများကို ရွှေ့ပြောင်းရန် အတင်းအကျပ်ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းစီမံကိန်းများကြောင့် သဘာဝပတ်ဝန်း ကျင်ထိခိုက်ခဲ့ရမှုကို ခွဲခြားဖော်ပြထားရာတွင် ဥပမာအားဖြင့် ဥရောပအရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများရှိ ဇီဝလောင်စာနှင့် ရေအားလျှပ်စစ်စီမံကိန်းများသည် လေထုညစ်ညမ်းမှုနှင့်ရေထုပျက်စီးမှုကို ဖြစ်စေခဲ့ကြောင်း၊ ဘဏ်အနေဖြင့် ပွင့်လင်း မြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုအားနည်းခဲ့ကြောင်း အစီရင်ခံစာတွင် စွပ်စွဲဖော်ပြထားပါသည်။
လူ့အခွင့်အရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ညွန့်ပေါင်းအဖွဲ့မှ Mr. Arc Fodor က KfW အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာကိစ္စရပ်များသည် ၎င်းတို့ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းများအတွက် အပိုကိစ္စရပ်များဟုသာ လက်ခံထားပုံရကြောင်း၊ DW က Arc Fodor အား တွေ့ဆုံမေးမြန်းရာတွင်လည်း KfW ဆောင်ရွက်နေသော စီမံကိန်းများသည် ဒေသခံလူထုနှင့် ကြိုတင်အသိပေးသဘောတူချက်မရယူဘဲ လုပ်ဆောင်ခဲ့ခြင်းများဖြစ်ပြီး ဒေသခံတိုင်းရင်းသားများ၏ အခွင့် အရေး၊ ပူးပေါင်းပါဝင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိုင်ငံတကာစံနှုန်းများကို ချိုးဖောက်နေခြင်းဖြစ် ကြောင်းပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။
လူ့အခွင့်အရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဖွဲ့အစည်းများက KfW အနေဖြင့် ၎င်းတို့လုပ်ငန်းများကို ရှေ့ဆက်ဆောင်ရွက်လိုပါက လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ရမည်ဖြစ်ပြီး ဖွဲ့စည်းပုံဆိုင်ရာ အပြောင်းအလဲများကိုလည်း လက်ခံရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတကာ၌ လုပ်ငန်းများဆောင်ရွက်ရာ တွင် တာဝန်ခံမှု၊ တာဝန်ယူမှုရှိသော ယန္တရားတစ်ခုရှိရမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အံ့အားသင့်စရာတစ်ခုမှာ ကမ္ဘာ့ဘဏ်နှင့်အာရှဖွံ့ဖြိုးရေးဘဏ်တို့ကဲ့သို့သော အခြား သောဖွံ့ဖြိုးရေးဘဏ်များစွာသည် လူ့အခွင့်အရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအဖွဲ့အစည်းများ၏ တောင်းဆိုချက်များကို လက်ခံကျင့်သုံး၍ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာအကဲဖြတ်ချက်များကို ၎င်းတို့၏ website များတွင် လွှင့်တင်ထားကြပြီဖြစ်ကြောင်းနှင့် ဥရောပသမဂ္ဂမှ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေထုတ်ချေးပေးလျက်ရှိသော ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ်(European Investment Bank-EIB)တွင်လည်း လူ့အခွင့်အရေးနှင့်စပ်လျဉ်း၍ တစ်စိတ်တစ်ဒေသလွတ်လပ်မှုရှိသော ဗဟိုတိုင်ကြားစာရုံး (၁)ခု ရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။
အစီရင်ခံစာကိုတုံ့ပြန်သည့်အနေဖြင့် KfW က ၎င်း၏ကျင့်ထုံးများကိုကာကွယ်သည့် ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ရာတွင် KfW သည် နိုင်ငံတကာစီးပွားရေးနယ်ပယ်တွင် လူ့အခွင့်အရေးကိုလေးစားခြင်းနှင့် သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေး ဆိုင်ရာအန္တရာယ်များကို တာဝန်ယူစီမံခန့်ခွဲခြင်းကို ၎င်းတို့၏မူလရည်မှန်းချက်အဖြစ် လက်ခံထားကြောင်း၊ KfW နှင့် ၎င်း၏လုပ်ငန်းခွဲများမှ ဘဏ္ဍာငွေ အထောက်အပံ့ပေးမှုများအားလုံးသည် ရေရှည်တည်တံ့ခိုင်မြဲမှုသို့ ဦးတည်ပါကြောင်း၊ ၎င်းတို့ငွေကြေးထောက်ပံ့ထားသော စီမံကိန်းများအားလုံးအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှုများကို အကဲဖြတ်မှုများပြုလုပ်ရန် လုပ်ထုံးလုပ်နည်းများနှင့် စံနှုန်းများလိုအပ်နေပါကြောင်း၊ ထို့ပြင် KfW အနေဖြင့် အထူးကျွမ်းကျင်သူ(၅၀)ကျော်ခန့်ကို တာဝန်ပေးခန့်အပ်ထားပြီး၊ World Bank၊ IFC နှင့် Equator Principles များက ကျင့်သုံးသော နိုင်ငံတကာအသိအမှတ်ပြုစံနှုန်းများကို ကျင့်သုံးလျက်ရှိပါကြောင်း၊ လူများ(သို့မဟုတ်)သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သော ရန်ပုံငွေစီမံကိန်းများကို ဘဏ်များက ရှောင်ရှားရမည်ဟု ထုတ်ပြန်ထားသော ကမ္ဘာလုံးဆိုင်ရာလမ်းညွှန်ချက်များကို လိုက်နာပါကြောင်းနှင့် နောက်ဆုံးတွင် ဒေသခံလူ့အသိုင်းအဝိုင်းများကို ဆိုးရွားစွာထိခိုက်စေနိုင်သည်ဟု ယူဆရသောအခြေအနေများတွင် လုပ်ငန်းစဉ်၌ပါဝင်သော အဖွဲ့အစည်းများအနေဖြင့် ယင်းဆုံးရှုံးနိုင်ခြေရှိသောအခြေအနေကို လက်မခံနိုင်ပါက KfW ၏ဘဏ္ဍာရေးအထောက်အပံ့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများကို ငြင်းဆိုနိုင်ပါကြောင်း ဖော်ပြထားပါသည်။
အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် နောက်ပိုင်းတွင် KfW အား တောင်းပန်ပြီး website များပေါ်မှ ၎င်းတို့၏စွပ်စွဲရေးသားမှုများကို ဖယ်ရှားသွားခဲ့ကြောင်း ဘဏ်၏ ဖော်ပြချက်အရ သိရှိရပါ သည်။
Source: https://www.dw.com/en/germanys-state-owned-kfw-bank-linked-to-rights- violations/a-73932306
(သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)