အာဖရိကနှင့် သြစတြေးလျနိုင်ငံတို့၏ အဓိကထုတ်ကုန်များဖြစ်သော ပဲစင်းငုံနှင့် ကုလားပဲ စသည့်ပဲမျိုးစုံအထွက်နှုန်းကောင်းမွန်မှုသည် ပြည်တွင်းပဲဈေးကွက်အပေါ် သက်ရောက်မှုရှိလာနိုင်သဖြင့် အိန္ဒိယပဲလုပ်ငန်းရှင်များမှ ပြည်တွင်းဈေးကွက်ကိုထောက်ပံ့နိုင်ရန် စားတော်ပဲတင်သွင်းမှုအပေါ် အခွန် ၅၀ ရာခိုင်နှုန်းကောက်ခံရန် ထပ်မံတောင်းဆိုခဲ့ကြောင်း သိရှိရသည်။
မိုဇမ်ဘစ်၊ တန်ဇန်းနီးယားနှင့် ဩစတေးလျကဲ့သို့သောနိုင်ငံများတွင် ပဲမျိုးစုံအထွက်နှုန်းကောင်းမွန်ခြင်းကြောင့် မကြာသေးမီရက်သတ္တပတ်များအတွင်း အိန္ဒိယဆိပ်ကမ်းများသို့ ရောက်ရှိလာသည့် ပဲမျိုးစုံဈေးနှုန်းများမှာ ကျဆင်းခဲ့ကြောင်းလည်း သိရှိရသည်။
အိန္ဒိယပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်းဥက္ကဋ္ဌ Bimal Kothari က ပဲစိုက်ပျိုးသည့် မူရင်းနိုင်ငံများတွင် သီးနှံအထွက်နှုန်းမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ယခုနှစ်တွင် သိသိသာသာပိုမိုကောင်းမွန်ပါကြောင်း၊ ဩစတြေးလျနိုင်ငံတွင် ကုလားပဲအထွက်နှုန်းကောင်းမွန်သကဲ့သို့ သြစတြေးလျ၊ ကနေဒါ၊ ရုရှားနှင့် ကာဇက်စတန်နိုင်ငံများတွင် ပဲနီလေးအထွက်နှုန်းကောင်းမွန်ကြပါကြောင်း၊ မိုဇမ်ဘစ်၊ တန်ဇန်းနီးယားနှင့် အာဖရိကနိုင်ငံများတွင် ပဲစင်းငုံအထွက်နှုန်းကောင်းမွန်ပြီး တန်ချိန်တစ်သန်းကျော် ထွက်ရှိမည်ဟု ခန့်မှန်းထားပါကြောင်း၊ တင်သွင်းသည့်ပဲစင်းငုံဈေးမှာ ယခုအချိန်၌ တစ်ကီလိုဂရမ်လျှင် ၄၇ ရူပီးနှင့် ၄၈ ရူပီးအထိရောက်ရှိလာကာ ၄၀-၄၅ ရူပီးအထိ ကျဆင်းလာနိုင်သည်ဟု ယူဆပါကြောင်း၊ ပဲစင်းငုံအတွက် အစိုးရ၏အနည်းဆုံးပံ့ပိုးဈေးနှုန်း MSP သည် ၈၀ ရူပီးဖြစ်သောကြောင့် စိုက်ပျိုးသူတောင်သူများကို ထိခိုက်နိုင်သဖြင့် အစိုးရက သွင်းကုန်အခွန်စည်းကြပ်ရန် ပြောကြားထားကြောင်း ပြောကြားခဲ့သည်။
စားသုံးကုန်ဈေးနှုန်းများမှာ သိသိသာသာကျဆင်းသွားပြီဖြစ်သည့်အတွက် စိုးရိမ်စရာမရှိတော့ပါကြောင်း၊ ယခုအချိန်တွင် အစိုးရအတွက် တောင်သူလယ်သမားများ ၏အကျိုးစီးပွားကိုကြည့်ရန် ပိုမိုအရေးကြီးပါကြောင်းနှင့် စားတော်ပဲတင်သွင်းမှုအပေါ် သွင်းကုန်ခွန် ၅၀ ရာခိုင်နှုန်းကောက်ခံရန်စဉ်းစားသင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားထားသည်။
စျေးသက်သာသောစားတော်ပဲအများအပြားတင်သွင်းမှုကြောင့် အခြားပဲမျိုးစုံအမျိုးအစားများ၏ ဝယ်လိုအားကိုထိခိုက်နေသဖြင့် ယင်းအပေါ် အခွန်စည်းကြပ်ရန် အစိုးရကို ပဲကုန်သည်များက တိုက်တွန်းထားကြောင်း၊ မကြာသေးမီက စိုက်ပျိုးရေးဝန်ကြီး Shivraj Singh Chauhan က စျေးသက်သာသော စားတော်ပဲတင်သွင်းမှုအပေါ် စိုးရိမ်ပူပန်မှုအားဖော်ပြခဲ့ပြီး တောင်သူများ၏အကျိုးစီးပွားကို ကာကွယ်ရန် အခွန် ၅၀ ရာခိုင်နှုန်းကောက်ခံရန် တောင်းဆိုခဲ့ကြောင်းလည်း သိရှိရသည်။
Kothari က စားတော်ပဲဈေးနှုန်းသည် တစ်ကီလိုလျှင် ၃၀ ရူပီးအထိကျဆင်းသွားကြောင်း၊ ယမန်နှစ်ကာလတူတွင် အိန္ဒိယမှတင်သွင်းသည့် စားတော်ပဲဈေးနှုန်းမှာ တစ်တန်လျှင် ကန်ဒေါ်လာ ၃၈၀-၄၀၀ ရှိခဲ့ရာမှ ယခုအခါ ဒေါ်လာ ၂၉၀ သို့ကျဆင်းသွားခဲ့ကြောင်း၊ အလားတူအာဖရိကနိုင်ငံမှ တင်သွင်းသည့် ပဲစင်းငုံဈေးသည် ယခင်လက ၆၄၀ ဒေါ်လာနှင့်နှိုင်းယှဉ်ပါက ယခုအခါ ဒေါ်လာ ၅၀၀ မှ ၅၄၀ အကြားသာရှိပါကြောင်း၊ မိုဇမ်ဘစ်၊ မာလာဝီနှင့် တန်ဇန်းနီးယားတို့မှ တင်သွင်းမှုသည် စက်တင်ဘာ ၂၀ ရက်မှစတင်၍ မြင့်တက်လာဖွယ်ရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။
လက်ရှိ မိုးရာသီတွင် ပဲမျိုးစုံစိုက်ပျိုးမှုဧရိယာသည် ဩဂုတ်လကုန်အထိ ဟက်တာ ၁၁၄ ဒသမ ၄၆ သိန်းရှိပြီး ယခင်နှစ် စိုက်ပျိုးမှုဟက်တာ ၁၁၃ ဒသမ ၄၇ နှင့်နှိုင်းယှဉ်ပါက အနည်းငယ်မြင့်တက်နေပါကြောင်း၊ သို့ရာတွင် တစ်နိုင်ငံလုံး၌ မိုးရေချိန်လွန်ကဲမှုများကြောင့် သီးနှံများ၏အလားအလာထိခိုက်မည်ကိုစိုးရိမ်နေကြကြောင်း၊အကျိုးသက်ရောက်မှုကို အတိအကျခန့်မှန်းရန်အချိန်စောလွန်းနေပြီး လကုန်ပိုင်းတွင်မူ ပိုမိုတိကျသည့်ခန့်မှန်းမှုများပြုလုပ်နိုင်မည်ဖြစ်ကြောင်း Kothari မှ ပြောကြားခဲ့သည်။
Source: As good pulses crop overseas weighs on prices, Indian traders reiterate demand import duty on yellow peas, The Hindu Businessline, September 5, 2025.
(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)