တရုတ်နိုင်ငံ၏အနောက်ဘက်ဒေသများကို ကမ္ဘာ့ဈေးကွက်များနှင့်ချိတ်ဆက်ပေးသည့် အဓိကထောက်ပံ့ပို့ဆောင်ရေးကွန်ရက်ဖြစ်သည့် New International Land-Sea Trade Corridor သည် ၄-၉-၂၀၂၅ ရက်နေ့အထိ ပေ(၂၀)ကွန်တိန်နာ(TEUs) အလုံး(၁)သန်းကို စံချိန်တင်ပို့ဆောင်ပေးခဲ့ကြောင်း China Railway Nanning Group ၏အဆိုအရ သိရှိရပါသည်။
၄-၉-၂၀၂၅ ရက်နေ့အထိ စင်္ကြံတစ်လျှောက်ကုန်စည်သယ်ဆောင်မှုပမာဏသည် ပေ(၂၀) ကွန်တိန်နာအလုံး(၁,၀၀၁,၄၅၅)ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၇၂.၅) ရာခိုင်နှုန်းတိုးလာကြောင်း၊ လုပ်ငန်းစတင်လည်ပတ်ချိန်မှစ၍ နှစ်စဉ်ကုန်စည်ပို့ဆောင်မှုပမာဏအနေဖြင့် ပေ(၂၀)ကွန်တိန်နာ အလုံး(၁) သန်းသို့ရောက်ရှိခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရှိရပါသည်။
ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း(Belt and Road Initiative)အောက်ရှိ အရေးကြီးသောစီမံကိန်းတစ်ခုအနေဖြင့် New International Land-Sea Trade Corridor သည် တရုတ်နိုင်ငံ၏ အနောက်ပိုင်းဒေသများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် အဆိုပါဒေသများ၏ အဆင့်မြင့်ဖွင့်လှစ်မှုကို ပံ့ပိုးပေးရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။
ရထားအော်ပရေတာများသည် စင်္ကြံတစ်လျှောက် ရထားပို့ဆောင်ရေးဝန်ဆောင်မှုကွန်ရက်ကို ဆက်လက်တိုးချဲ့ခဲ့ကြောင်း၊တရုတ်နိုင်ငံတောင်ပိုင်းရှိ ပေပုပင်လယ် ကွေ့ ဆိပ်ကမ်းနှင့် ကွမ်တုန်းပြည်နယ်ရှိ Zhanjiang ဆိပ်ကမ်းတို့ကို တရုတ်နိုင်ငံအနောက်ပိုင်းရှိ ချုံချင့်မြို့နှင့် ချန်ဒူးမြို့ကဲ့သို့သော ကုန်းတွင်းအချက်အချာကျသည့် နေရာများနှင့်ချိတ်ဆက်ပေးသည့်ရထားလမ်းကြောင်း (၁၄)ခုအပါအဝင် လက်ရှိတွင် ပုံမှန်ရထားလမ်းကြောင်း (၂၄)ခုကို ပြေးဆွဲလျက်ရှိကြောင်း သိရှိရပါသည်။
တရားဝင်အချက်အလက်များအရ ၂၀၁၇ ခုနှစ်တွင် ဖွင့်လှစ်ပြီးကတည်းက ပေ(၂၀) ကွန်တိန်နာစုစုပေါင်း(၄.၇)သန်းကို ပို့ဆောင်ပေးခဲ့ပြီး ကုန်စည်တင်ပို့ပမာဏမှာ နှစ်စဉ်တိုးတက်လျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါစင်္ကြံမှတစ်ဆင့် ကုန်စည်ပို့ဆောင်မှုသည် ယခုအခါ အီလက်ထရွန်းနစ်ပစ္စည်းများ၊ မော်တော်ယာဉ်များနှင့်မော်တော်ယာဥ်အစိတ်အပိုင်းများ၊ စက်ယန္တရား များ၊ အိမ်သုံးပစ္စည်းများနှင့် အစားအသောက်များပါဝင်ကြောင်း သိရှိရပါသည်။
New International Land-Sea Trade Corridor သည် တရုတ်နိုင်ငံ၊ အနောက်ပိုင်းပြည်နယ်များကို အာဆီယံနိုင်ငံများနှင့်ချိတ်ဆက်ပေးသည့် အဓိကထောက်ပံ့ပို့ဆောင်ရေးကွန်ရက်တစ်ခုဖြစ်ရာ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများကို တရုတ်နိုင်ငံအနောက်ပိုင်းရှိ ချုံချင့်၊ ချန်ဒူးစသည့်ဈေးကွက်များသို့ တင်ပို့ရောင်းချရာတွင် နယ်စပ်ကုန်သွယ်ရေးအပြင် New International Land-Sea Trade Corridor ကိုလည်း ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း တစ်ခုအနေဖြင့် အသုံးပြုနိုင်ပါသည်။
Source: https://en.people.cn/n3/2025/0906/c90000-20362953.html
(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)