ဟောင်ကောင်ဒေသ၊ ငွေတိုက်နှင့် ဘဏ္ဍာရေးဝန်ဆောင်မှုဝန်ကြီးဖြစ်သူ Christopher Hui တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ဂျော်ဒန်သံအမတ်ကြီး Hussam Al Husseini နှင့် ဘေဂျင်းမြို့၌ တွေ့ဆုံချိန်တွင် ဂျော်ဒန်နိုင်ငံနှင့်ဟောင်ကောင်ဒေသတို့အကြား အခွန်နှစ်ထပ်စည်းကြပ်မှုရှောင်ရှားရေးသဘောတူညီချက် (CDTA)အား ဟောင်ကောင်ဒေသအစိုးရ ကိုယ်စားလက်မှတ်ရေးထိုးခဲ့ကြောင်း ဒေသအစိုးရ၏ “HK, Jordan sign tax pact” ခေါင်းစဉ်ဖြင့် သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။
အဆိုပါသဘောတူညီချက်အရ ဟောင်ကောင်ဒေသခံများအနေဖြင့် ပြည်တွင်းအခွန်ဥပဒေပါ ပြဌာန်းချက်များအရ တူညီသောဝင်ငွေအတွက် ဂျော်ဒန်နိုင်ငံတွင်ပေးဆောင်ခဲ့သည့် အခွန်အကောက်များကို ဟောင်ကောင်ဒေသတွင် ပေးဆောင်ပြီးအခွန်အဖြစ် သတ်မှတ်ပေးမည်ဖြစ်ပြီး၊ ဟောင်ကောင်ဒေသခံ၏ အမြတ်ဝေစု၊ အတိုးနှင့် မူပိုင်ခွင့်အသုံးပြုခများအတွက် ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန်ကို လက်ရှိ ၁၀ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့ ပြောင်းလဲကန့်သတ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဂျော်ဒန်သံအမတ်ကြီးနှင့်တွေ့ဆုံချိန်တွင် မစ္စတာ Hui မှ ဟောင်ကောင်ဒေသ၏ ဘဏ္ဍာရေးဈေးကွက် လတ်တလောဖြစ်ပေါ်တိုးတက်မှုများနှင့် အားသာချက်များ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဂျော်ဒန်နိုင်ငံနှင့် အခွန်နှစ်ထပ်စည်းကြပ်မှုရှောင်ရှားရေးသဘောတူညီချက်လက်မှတ်ရေးထိုးခြင်းသည် ဟောင်ကောင်ဒေသအစိုးရ၏ CDTA ကွန်ရက်ချဲ့ထွင်ရေးနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမဆောင်ရွက်ချက်တွင် ပါဝင်သည့် နိုင်ငံ/ဒေသများနှင့် အခွန်စနစ်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆောင်ရွက်ချက်အတွက် သိသာထင်ရှားသည့် ပြယုဒ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။
အခွန်နှစ်ထပ်စည်းကြပ်မှုရှောင်ရှားရေးသဘောတူညီချက်သည် ဂျော်ဒန်နိုင်ငံနှင့် ဟောင်ကောင်ဒေသတို့အကြား အခွန်ကောက်ခံခွင့်များကို ခွဲခြားသတ်မှတ်ပေးထားသောကြောင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် နယ်စပ်ဖြတ်ကျော်စီးပွားရေးဆောင်ရွက်ချက်များအတွက် အခွန်ပေးဆောင်ရမှုများနှင့်စပ်လျဉ်း၍ ပိုမိုလေ့လာသိရှိနိုင်မည်ဖြစ်ပါသည်။
အဆိုပါသဘောတူညီချက်သည် နှစ်ဖက်အကြား ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးချိတ်ဆက်မှုများမြှင့်တင်နိုင်ရန် အကောင်းဆုံးအစပြုမှုတစ်ခုဖြစ် ကြောင်း၊ ထို့ပြင် နိုင်ငံတကာစီးပွားရေးနှင့်ကုန်သွယ်မှုဗဟိုဌာနတစ်ခုအဖြစ် ဟောင်ကောင်ဒေသ၏ရပ်တည်မှုကို ခိုင်မာစေပြီး စီးပွားရေးလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုအချက်အခြာတစ်ခုအဖြစ် ဆွဲဆောင်မှုမြင့် တက်လာစေရန် CDTA ကွန်ရက် ချဲ့ထွင်နိုင်ရေးအတွက် ဟောင်ကောင်ဒေသအစိုးရအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။
ဂျော်ဒန်နိုင်ငံနှင့်လက်မှတ်ရေးထိုးခဲ့သည့် အခွန်နှစ်ထပ်စည်းကြပ်မှုရှောင်ရှားရေးသဘောတူညီချက်သည် ဟောင်ကောင်ဒေသအတွက် ၅၃ ခုမြောက်သဘောတူညီချက်ဖြစ်ပါသည်။ အဆိုပါသဘောတူညီချက်သည် နှစ်ဖက်အတည်ပြုရေးလုပ်ငန်း စဉ်များပြီးစီးပါက စတင်သက်ဝင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
Source: https://www.news.gov.hk/eng/2025/09/20250904/20250904_184949_384.html?type= ticker
(နှင်းဇာလွှာ၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)