တောင်ကိုရီးယားနိုင်ငံတွင်း အခြေခံနေထိုင်မှုစရိတ်သည် အခြားသောနိုင်ငံကြီးများတွင် နေထိုင်မှုစရိတ်ထက် မြင့်မားနေသည့်အတွက် စားသုံးသူသုံးစွဲနှုန်းပြန်လည် နာလန်ထူလာမှုအခြေအနေကို အဟန့်အတားဖြစ်စေသည်ဟု တောင်ကိုရီးယားဗဟိုဘဏ်က ၁၉-၆-၂၀၂၅ ရက်နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် သတိပေးပြောကြားခဲ့ပါသည်။
စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း(Organization for Economic Cooperation and Development-OECD)ဝင်နိုင်ငံများ၏ ပျမ်းမျှဈေးနှုန်းအပေါ် အခြေခံတွက်ချက်မှုအရ စားသောက်ကုန်များ၊ အဝတ်အထည်နှင့် အိမ်ရာများအတွက် ကိုရီးယားဈေးနှုန်းညွှန်းကိန်းများသည် (၁၅၁)၊ (၁၆၁)နှင့် (၁၂၃)စီအသီးသီးရှိရာ OECD နိုင်ငံများ၏ ပျမ်းမျှဈေးနှုန်းညွှန်းကိန်း(၁၀၀)ထက် ပိုမိုနေသည်ဟု တောင်ကိုရီးယားဗဟိုဘဏ်၏အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
ထို့ပြင် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် အသားများဈေးနှုန်းသည်လည်း OECD နိုင်ငံများ၏ ပျမ်းမျှဈေးနှုန်းထက် ၁.၅ ဆ မြင့်မားသည်ဟု ဗြိတိန်နိုင်ငံအခြေစိုက် စီးပွားရေးသုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် Economist Intelligence Unit(EIU)၏ ၂၀၂၃ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သော အချက်အလက်များကို ကိုးကား၍ တောင်ကိုရီးယားဗဟိုဘဏ်၏အစီရင်ခံစာတွင် ဖော်ပြထားပါ သည်။
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ်၊ မေလအထိကာလအတွင်း မရှိမဖြစ်ကုန်စည်များ၏ ဈေးနှုန်းများသည် ဆက်တိုက်မြင့်တက်လာခဲ့ကြောင်း၊ ယင်းကာလအတွင်း ၎င်းကုန်စည်များဈေးနှုန်း ၁၉.၁ ရာခိုင်နှုန်းမြင့်မားခဲ့သော်လည်း စုစုပေါင်းစားသုံးသူဈေးနှုန်း(စားသောက်ကုန်၊ သွားလာရေးနှင့် နေထိုင်ရေးတို့အတွက် ကုန်ကျမှုအပေါ်အခြေခံတွက်ချက်တိုင်းတာသည့် ယေဘုယျဈေးနှုန်းတိုးတက်မှုနှုန်း)သည် ၁၅.၉ ရာခိုင်နှုန်းသာတိုးတက်ခဲ့ပါသည်။ သို့ဖြစ်၍ မရှိမဖြစ်ကုန်စည်များ၏ ဈေးနှုန်းသည် စုစုပေါင်းစားသုံးသူဈေးနှုန်းထက် ၃.၂ ရာခိုင်နှုန်းပိုမိုမြင့်မားခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
ယင်းသို့မြင့်မားခဲ့ရခြင်းအကြောင်းရင်းများမှာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းအထောက်အပံ့ကွင်းဆက်ပြတ်တောက်ခြင်း၊ရုရှား-ယူကရိန်းစစ်ပွဲနှင့်ပြင်းထန်သော ရာသီဥတုအခြေတို့ဖြစ်ပါကြောင်း၊အခြားသောအကြောင်းရင်းများကလည်း စားသောက်ကုန်နှင့် စွမ်းအင်ဈေးနှုန်းများကို အထူးမြင့်မားစေခဲ့ကြောင်း၊ မကြာသေးခင်ကလည်း ကုန်ကြမ်းပစ္စည်းများတင်သွင်းသည့် ကုန်ကျစရိတ်များမြင့်မားခဲ့သည့်အပြင် ဝမ်ငွေတန်ဖိုးကျဆင်းခြင်းသည်လည်း ပြုပြင်ထုတ်လုပ်ထားသည့်စားသောက်ကုန်များဈေးနှုန်းကို မြင့်မားစေကြောင်း၊ နေထိုင်မှုစရိတ်များမြင့်တက်မှုသည် စားသုံးသူများ ယခင်ကကြုံတွေ့ခဲ့ရသည့်ငွေကြေးဖောင်းပွမှုနှုန်းထားများထက် ပိုမိုလာသည်ဟုခံစားလာရလျှင် စားသုံးသူများ၏ ငွေကြေးဖောင်းပွမှုဆိုင်ရာမျှော်မှန်းချက်များအပေါ် သက်ရောက်စေနိုင်သည့်အပြင် ရေရှည်တွင် ဈေးနှုန်း တည်ငြိမ်မှုအပေါ် ထိခိုက်စေနိုင်ကြောင်း တောင်ကိုရီးယားဗဟိုဘဏ်၏ အစီရင် ခံစာတွင် ဖော်ပြထား ပါသည်။
သို့ဖြစ်၍ ပြည်တွင်းရှိကုမ္ပဏီများအကြား ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်နိုင်ရေးအတွက် ဈေးကွက်ဝင်ရောက်ခွင့်အတားအဆီးများကို လျှော့ချပေးရန်နှင့် စည်းမျဉ်းစည်း ကမ်းများကို ဖြေလျှော့ပေးရန်လိုပါကြောင်း၊ ထို့ပြင် တင်သွင်းရမည့်ကုန်ကြမ်းပစ္စည်းများကို နိုင်ငံအမျိုးမျိုးနှင့် မတူညီသောကုမ္ပဏီများမှ တင်သွင်းရန်လိုအပ် ကြောင်း၊ သို့မှသာ ဈေးနှုန်းပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း ဗဟိုဘဏ်၏အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
ဗဟိုဘဏ်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒုတိယနှစ်ဝက်အတွင်း စားသုံးသူဈေးနှုန်းများနှင့် ငွေကြေးဖောင်းပွနှုန်းကို (၁)ရာခိုင်နှုန်းဝန်းကျင်တွင်သာ တည်ငြိမ်နေစေရေး ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း၊ သို့သော် အမေရိကန်ပြည်ထောင်စု၏ စည်းကြပ်ခွန်ဆိုင်ရာမူဝါဒများ၊ အရှေ့အလယ်ပိုင်းဒေသ ပထဝီနိုင်ငံရေးမတည်ငြိမ်မှုများနှင့် မြင့်မားနေသောရေနံစိမ်းဈေးနှုန်းများနှင့်စပ်လျဉ်းသည့်မတည်ငြိမ်မှုများကို ထည့် သွင်းစဉ်းစားရန်လိုပါကြောင်း၊ ၂၀၂၅ ခုနှစ်တွင် စားသုံးသူဈေးနှုန်းများ ၁.၉ ရာခိုင် နှုန်းအထိ မြင့်မားနိုင်ပြီး ၂၀၂၆ ခုနှစ်တွင် ၁.၈ ရာခိုင်နှုန်းအထိ မြင့်မားမည်ခန့်မှန်းကြောင်း ဗဟိုဘဏ်၏အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
Source: Korea Times (18-6-25)
(ပပ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)