International News

ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ရုရှားမှပို့ကုန်များကို ဂျာမန်တင်သွင်းမှု ၉၅ ရာခိုင်နှုန်းခန့်ကျဆင်း

Last Updated:

ဖက်ဒရယ်စာရင်းအင်းရုံး(Destatis)၏ ၁၁-၆-၂၀၂၅ ရက်တွင်ထုတ်ပြန်ခဲ့သော အချက်အလက်များအရ ဂျာမနီသည် ၂၀၂၄ ခုနှစ်တွင် ရုရှားနိုင်ငံမှ ယူရို ၁.၈ ဘီလီယံ(အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့်) တန်ဖိုးရှိသော ကုန်ပစ္စည်းများကို တင်သွင်း ခဲ့ရာ ယူကရိန်းစစ်ပွဲမတိုင်မီ(အီးယူ၏ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ၁၇ ခုမချမှတ်မီ) ၂၀၂၁ ခုနှစ်က တင်သွင်းခဲ့သော သွင်းကုန်ပမာဏ ယူရို ၃၃.၁ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၉၄.၆ ရာခိုင်နှုန်းနီးပါးလျော့နည်းသွားကြောင်း သိရှိရပါသည်။

ဂျာမနီမှ ရုရှားနိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာလည်း ၇၁.၆ ရာခိုင်နှုန်းခန့် သိသိသာသာကျဆင်းခဲ့ပါသည်။၂၀၂၄ ခုနှစ်တွင် ဂျာမနီသည် ရုရှားသို့ ယူရို(၇.၆)ဘီလီယံတန်ဖိုးရှိကုန်ပစ္စည်းများကိုသာ တင်ပို့နိုင်ခဲ့ရာ ၂၀၂၁ ခုနှစ်က တင်ပို့ခဲ့သော ယူရို(၂၆.၆)ဘီလီယံနှင့်နှိုင်းယှဉ်ပါက ပို့ကုန်ကဏ္ဍတွင်လည်း သိသာစွာကျဆင်းခဲ့ကြောင်း တွေ့ရှိနိုင်ပါသည်။

၁၉၉၁ခုနှစ်တွင် ဆိုဗီယက်ယူနီယံပြိုကွဲခဲ့ပြီးနောက်ပိုင်း ဂျာမနီနိုင်ငံအနေဖြင့် ရုရှား နိုင်ငံသို့ ပို့ကုန်တင်ပို့ခြင်းမှ အကြီးမားဆုံးသော ပို့ကုန်ပိုလျှံငွေကို ယမန်နှစ်က ရရှိခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် ယူရို(၅.၈)ဘီလီယံခန့် ပို့ကုန်ပိုငွေပြခဲ့ရာ ပို့ကုန်ပိုငွေပြခဲ့သော ၁၉၉၃ ခုနှစ်၊ ၂၀၀၀ ပြည့်နှစ်နှင့် ၂၀၂၃ ခုနှစ်များပြီးလျှင် ယမန်သည် ပို့ကုန်ပိုငွေပြခဲ့သော စတုတ္ထမြောက်နှစ်ဖြစ်ကြောင်း ဖော်ပြချက်အရ သိရှိရပါသည်။

ရုရှား-ယူကရိန်းစစ်ပွဲစတင်သော ၂၀၂၂ ခုနှစ်တွင် ဂျာမနီသည် ရုရှားနိုင်ငံနှင့်  ယူရို (၂၁.၈) ဘီလီယံခန့် နိုင်ငံခြားကုန်သွယ်မှုလိုငွေပြခဲ့ရာ ယင်းပမာဏသည် ဂျာမနီနိုင်ငံအတွက် အမြင့်မားဆုံးစံချိန်တင်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ၂၀၂၁ ခုနှစ်မှစတင်၍ ပိတ်ဆို့အရေးယူမှုများ၏ တစ်စိတ်တစ်ဒေသကြောင့် ပို့ကုန်များထက်ဝက်နီးပါးလျော့ကျသွားခဲ့သော်လည်း သွင်းကုန်ကဏ္ဍတွင်မူ စွမ်းအင်စျေးနှုန်းမြင့်တက်မှုများကြောင့် လက်ကျန်သွင်းကုန်တန်ဖိုးများမှာ မြင့်တက်နေခဲ့သဖြင့် ပို့ကုန်လိုငွေ ပြခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်အထိ ရုရှားနိုင်ငံသည် ဂျာမနီအတွက် အရေးပါသော စွမ်းအင်တင်သွင်းသူဖြစ်ခဲ့ပြီး၊ ပြီးခဲ့သည့်နှစ်တွင်မူ ဂျာမနီသည် ရုရှားနိုင်ငံမှ သတ္တုများ၊ ဓာတုပစ္စည်းများ၊ အစားအစာနှင့် တိရစ္ဆာန်အစာများကိုသာ အဓိကတင်သွင်းခဲ့ပါသည်။ အပြန်အလှန်အားဖြင့် ဂျာမနီသည် ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် စက် ပစ္စည်းများကို ရုရှားသို့ အဓိကတင်ပို့ခဲ့ကြောင်း ဖော်ပြထားပါသည်။

Source:         https://www.dw.com/en/germany-updates-russian-imports-fell-95-since-ukraine-war/live-72866025

(သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: International News