ဒူဘိုင်းနိုင်ငံတကာကုန်သည်ကြီးများအသင်းမှ ၎င်းတို့၏ ၃၆ ခုမြောက်နိုင်ငံတကာရုံးခွဲကို ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တွင်ဖွင့်လှစ်ခဲ့ပြီး ထိုင်းနိုင်ငံနှင့်စီးပွားရေးဆက်ဆံ မှုများပိုမိုနက်ရှိုင်းလာစေရန် နှင့်ဒူဘိုင်းပြည်နယ်၏ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုခြေရာကို ချဲ့ထွင်ရန်ရည်ရွယ်ထားသည့် မဟာဗျူဟာတွန်းအားကို အားဖြည့်ပေးခဲ့ပါသည်။
'ထိုင်းနိုင်ငံနှင့် စီးပွားရေးလုပ်ကိုင်ခြင်း'ဖိုရမ်အတွင်း အဆိုပါဖွင့်လှစ်ထားသည့် ရုံးခန်းအသစ်သည် ထိုင်းရင်းနှီးမြှုပ်နှံမှုများကိုဆွဲဆောင်ရန်နှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများကို ဒူဘိုင်းဈေးကွက်သို့ လမ်းညွှန်နိုင်ရန်အတွက် အချက်အချာနေရာအဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။ ၎င်းသည် ဒူဘိုင်းအား နိုင်ငံခြားကုမ္ပဏီများ၊ အရည်အချင်းရှိသူများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ထိပ်တန်းနေရာတစ်ခုအဖြစ် သတ်မှတ်ရန်ရည်ရွယ်သည့် ‘Dubai Global’ ပဏာမခြေလှမ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။
ဘန်ကောက်မြို့တွင်၎င်းတို့၏ရုံးခန်းသစ်ကို စတင်ဖွင့်လှစ်လိုက်ခြင်းသည် ဒူဘိုင်း ၏ကမ္ဘာလုံးဆိုင်ရာဆက်သွယ်မှုကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်းနှင့် ထိုင်းကုမ္ပဏီများအတွက် အခွင့်အလမ်းသစ်များအား ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး နိုင်ငံတကာတိုးချဲ့မှုအတွက် တံခါးပေါက်တစ်ခုအနေဖြင့် ဒူဘိုင်း၏ အခန်းကဏ္ဍကိုပံ့ပိုးပေးမည်ဖြစ်ကြောင်း ဒူဘိုင်းကုန်သည်ကြီးများအသင်း၏ ဥက္ကဌနှင့်အမှုဆောင် အရာရှိချုပ်ဖြစ်သူ Mohammad Ali Rashed Lootah ကပြောကြားခဲ့ပါသည်။
ဒူဘိုင်းကုန်သည်ကြီးများအသင်း၏ အရှေ့တောင်အာရှဆိုင်ရာ 'New Horizons' ကုန်သွယ်မှုမစ်ရှင်၏အစိတ်အပိုင်းတစ်ရပ်အဖြစ် ဘန်ကောက်တွင်ကျင်းပခဲ့သည့်အဆိုပါဖိုရမ်တွင် အကြီးတန်းအရာရှိများနှင့် စီးပွားရေးဦးဆောင်သူများအပါအဝင် တက်ရောက်သူပေါင်း ၄၇၀ ကျော်ရှိခဲ့ပါသည်။ အစားအသောက်နှင့် အဖျော် ယမကာ၊ အီလက်ထရွန်းနစ်၊ စိုက်ပျိုးရေးနှင့် ရင်းနှီးမြှုပ်နှံမှုစသည့်ကဏ္ဍများတွင် ဒူဘိုင်းအခြေစိုက်ကုမ္ပဏီပေါင်း ၂၀ တို့နှင့်ထိုင်းကုမ္ပဏီများတို့အကြား အပြန်အလှန်တွေ့ဆုံမှုပေါင်း ၂၈၈ ခုပြုလုပ်ခဲ့ကြပါသည်။
ဒူဘိုင်း-ထိုင်းရေနံမဟုတ်သောကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် AED ၂၃.၈ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် ၂၃.၃ % တိုးတက်လာခဲ့ပါသည်။ အလားတူကာလမှာပင် ဒူဘိုင်းတွင် ထိုင်းစီးပွားရေးလုပ်ငန်းများတည်ရှိမှုမှာ မြင့်တက်လာခဲ့ပြီး ၂၀၂၄ နှစ်ကုန်တွင် ဒူဘိုင်းကုန်သည်များ အသင်း၌ မှတ်ပုံတင်ထားသောထိုင်းကုမ္ပဏီပေါင်း ၁၉၀ ခုတို့ဖြင့် နှစ်စဉ် ၂၈.၄ % တိုးတက်လာခဲ့ပါသည်။
ဓာတ်မြေသြဇာ၊ အလှကုန်နှင့်အလူမီနီယံသတ္တုစပ်များကဲ့သို့သော အလားအလာမြင့်မားသော ပို့ကုန်အခွင့်အလမ်းများစွာကို ဒူဘိုင်းပြည်နယ်မှထိုင်းနိုင်ငံသို့ တင်ပို့နိုင်ရန်ခန့်မှန်းထားရှိပြီး၊ ထိုင်းနိုင်ငံအတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုများနှင့် ဆေးဘက်ဆိုင်ရာ ခရီးသွားလုပ်ငန်းကဏ္ဍများတို့အား ရင်းနှီးမြှုပ်နှံမှုအလားအလာများအဖြစ်ဒူဘိုင်းကုန်သည်များအသင်းက ခန့်မှန်း ထားရှိပါသည်။
အဆိုပါဘန်ကောက်ရုံးခွဲသည် မဟာဗျူဟာမြောက်စီးပွားရေးမိတ်ဖက်ဆောင်ရွက်မှုများချောမွေ့စေရန်နှင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများအကြား ကုန်သွယ်မှုအရှိန် အဟုန်မြှင့်တင်ရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်စေရန်မျှော်မှန်းထားကြောင်း သတင်းဖော်ပြထားပါသည်။
Source: Emirates News Agency
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)