စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ပဲတီစိမ်း (မိုး+ဆောင်း) စိုက်ဧက ၅ သိန်းကျော် စိုက်ပျိုးရန် လျာထားပြီး မိုးရာသီတွင် ဧက ၄.၅ သိန်းကျော်၊ ဆောင်းရာသီတွင် စိုက်ပျိုးဧက ၁သိန်းခန့် စိုက်ပျိုးရာတွင် မိုးပဲတီစိမ်းကိုသာ အဓိကထားစိုက်ပျိုးထားပါသည်။ ဇွန်လ ဒုတိယပတ်အထိ မိုးရာသီအတွက် ပဲတီစိမ်း စိုက်ဧကပေါင်း ၈ သောင်းခန့် စိုက်ပျိုးပြီးစီးနေကြောင်းပြီး စိုက်ပျိုးပြီးစီးနေသော ခရိုင်များမှာ ရွှေဘိုခရိုင် ဧက ၂၆၀၀၀ ကျော်၊ ရေဦးခရိုင် ဧက ၁၈၅၀၀ ကျော်၊ မုံရွာခရိုင်ဧက ၁၄၀၀၀ ကျော်၊ စစ်ကိုင်းခရိုင် ဧက ၉၀၀၀ ကျော်၊ ကန့်ဘလူခရိုင် ဧက ၈၀၀၀ ခန့်၊ ယင်းမာပင်ခရိုင် ဧက ၃၀၀၀ ခန့်နှင့် ကလေးခရိုင် ဧက ၁၃၀ ကျော် စသည်ဖြင့် စိုက်ပျိုးပြီးစီးနေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။
ဇွန်လ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများမှာ ပဲတီစိမ်းကြီးတစ်တင်း ကျပ် ၇၅၀၀၀ မှ ကျပ် ၁၁၈၀၀၀ ထိရှိပြီး ယခင်ပတ်အတွင်းဈေးနှုန်းများမှာ တစ်တင်း ကျပ် ၈၅၀၀၀ မှ ကျပ် ၁၂၅၀၀၀ ဖြစ်ပြီး ယခင်အပတ်နှင့် ယခုပတ်နှိုင်းယှဉ်ပါက ပဲတီစိမ်းကြီး တစ်တင်း ကျပ် ၇၀၀၀ မှ ကျပ် ၁၀၀၀၀ ခန့်ကျဆင်းနေကြောင်းသိရပါသည်။ ထိုသို့ အနည်းငယ် ကျဆင်းရခြင်းမှာ ဈေးကွက်အတွင်းသို့ ပဲတီစိမ်း အဝင်များလာခြင်း၊ လှောင်လက်သမားများမှ အဆွဲနည်းခြင်းကြောင့် ဈေးအနည်းငယ်ကျဆင်းနေကြောင်း မုံရွာကုန်စည်ဒိုင်မှ သိရပါသည်။ မုံရွာကုန်စည်ဒိုင်တွင် တစ်ရက်လျင် အိတ် ၁၀၀ခန့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။