ဂျပန်-အမေရိကန်အကောက်ခွန်ဆိုင်ရာသဘောတူညီချက်နှင့်အညီ ဂျပန်နိုင်ငံထုတ်မော်တော်ယာဉ်များအပေါ် အမေရိကန်နိုင်ငံမှ အကောက်ခွန်လျှော့ချကောက် ခံမှုမှာ နှောင့်နှေးလျက်ရှိသည့်အတွက် ဂျပန်နိုင်ငံရှိမော်တော်ယာဉ်ကုမ္ပဏီကြီး ၇ ခု အနေဖြင့် တစ်ရက်လျှင် အမြတ်ငွေ ယန်း ၃ ဘီလီယံ(အမေရိကန်ဒေါ်လာ ၂၀.၃ သန်း)ဆုံးရှုံးလျက်ရှိကြောင်း ၉-၈-၂၀၂၅ ရက်နေ့ထုတ် The Nikkei Asia သတင်း စာတွင် “Japan automakers lose $20m a day from US tariff cut delay” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းတွင် ဂျပန်နိုင်ငံထုတ်မော်တော်ယာဉ်များအပေါ် အမေရိကန်နိုင်ငံမှ အကောက်ခွန်ကောက်ခံခဲ့ခြင်းကြောင့် Toyota Motor ၊ Honda Motor နှင့် Nissan Motor အပါအဝင် ဂျပန်မော်တော်ယာဉ်ကုမ္ပဏီများ၏ အမြတ်ငွေကို ၁ နှစ်လျှင် ၂.၇ ထရီလီယံယန်း(အမေရိကန်ဒေါ်လာ ၁၈.၃ ဘီလီယံ)ဆုံးရှုံးစေမည်ဖြစ် ကြောင်းနှင့် ဝင်ငွေရရှိမှုခန့်မှန်းချက်ကို ထုတ်ပြန်ထားခြင်းမရှိသည့် Nissan Motor မှအပ အခြားမော်တော်ယာဉ်ကုမ္ပဏီများ၏ အမြတ်ငွေမှာ ၃၆ ရာခိုင်နှုန်းကျဆင်းစေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ မော်တော်ယာဉ်များအပေါ် ၂.၅ ရာခိုင်နှုန်း အကောက်ခွန် ကောက်ခံလျက်ရှိရာမှ ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ၂၇.၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ကောက်ခံခဲ့ကြောင်း၊ ထို့နောက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ၁၅ ရာခိုင်နှုန်းသို့လျှော့ချပေးခဲ့ကြောင်း၊ ထို့သို့ အကောက်ခွန်လျှော့ချပေးခဲ့မှုကြောင့် အမေရိကန်နိုင်ငံသို့ ပေးဆောင်ရမည့်အကောက်ခွန် ၁.၆ ထရီလီယံယန်းလျော့နည်းစေခဲ့ ကြောင်း ဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံထုတ်မော်တော်ယာဉ်များအပေါ် အကောက် ခွန်လျှော့ချကောက်ခံမှုတစ်လတာနှောင့်နှေးခြင်းကြောင့် ဂျပန်မော်တော်ယာဉ်လုပ်ငန်းများအပေါ် ၁၀၀ ဘီလီယံယန်းဆုံးရှုံးနိုင်မည်ဖြစ်ပြီး၊ တစ်ရက်လျှင် ၃ ဘီလီယံယန်းဆုံးရှုံးနိုင်ကြောင်း Nakanishi Research Institute မှ ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံသို့ မော်တော်ယာဉ်များအများဆုံးတင်ပို့လျက်ရှိပြီး၊ ၂၀၂၄ ခုနှစ်တွင် မော်တော်ယာဉ် ၁.၃၇ သန်းနီးပါးတင်ပို့ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံမှ ဂျပန်နိုင်ငံထုတ်မော်တော်ယာဉ်များအပေါ် အကောက်ခွန်လျှော့ချကောက်ခံမှုနှောင့်နှေးခဲ့ခြင်းကြောင့် Mazda Motor နှင့် Subaru ကုမ္ပဏီတို့ကို အများဆုံးထိခိုက်နစ်နာစေမည်ဖြစ်ကြောင်း၊ Mazda Motor မှ ကမ္ဘာ့နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည့် ထုတ်ကုန်အားလုံး၏ သုံးပုံတစ်ပုံနီးပါးကို အမေရိကန်နိုင်ငံသို့ ရောင်းချလျက်ရှိကြောင်းနှင့် ထိုသို့ အမေရိကန်နိုင်ငံသို့ရောင်းချသည့် မော်တော်ယာဉ်များ၏ ထက်ဝက်နီးပါးကို ဂျပန်နိုင်ငံမှ တင်ပို့ခြင်းဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် Mazda Motor ၏ အမြတ်ရရှိမှုမှာ ယန်း ၂၀ ဘီလီယံရှိနိုင်ပြီး၊ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၈၂ ရာခိုင်နှုန်းကျဆင်းနိုင်မည်ဖြစ်ကြောင်း၊ အကောက် ခွန်ပေးဆောင်ရခြင်းကြောင့် ၂၀၂၅ ခုနှစ်တွင် ၂၃၃.၃ ဘီလီယံယန်းပိုမိုကုန်ကျစေမည်ဖြစ်သည့်အတွက် Mazda Motor အနေဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကို ၈၀ ဘီလီယံယန်းလျှော့ချခြင်းဖြင့် အမြတ်ရရှိမှုကို ထိန်းထားနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
Subaru ကုမ္ပဏီအနေဖြင့်လည်း ကမ္ဘာ့နိုင်ငံများသို့ စုစုပေါင်းတင်ပို့ရောင်းချမှု၏ ၇၀ ရာခိုင်နှုန်းကို အမေရိကန်နိုင်ငံသို့ ရောင်းချလျက်ရှိကြောင်းနှင့် အမေရိကန်နိုင်ငံသို့ ရောင်းချသည့် မော်တော်ယာဉ်များ၏ ထက်ဝက်နီးပါးကို ဂျပန်နိုင်ငံမှ တင်ပို့ခြင်းဖြစ်ကြောင်း၊ ဂျပန်နိုင်ငံအပေါ် အကောက်ခွန်ကောက်ခံခြင်းကြောင့် Subaru ကုမ္ပဏီ၏အမြတ်ငွေကို ၂၁၀ ဘီလီယံယန်း ဆုံးရှုံးစေမည်ဖြစ်ကာ အမြတ်ရရှိမှုမှာ ၅၁ ရာခိုင်နှုန်းအထိကျဆင်းကာ ၂၀၀ ဘီလီယံယန်းရှိနိုင်မည်ဖြစ်ကြောင်းနှင့် Toyota ကုမ္ပဏီ၏အမြတ်ရရှိမှုမှာလည်း ၁.၄ ထရီလီယံယန်းလျော့နည်းစေမည်ဖြစ်ကြောင်းဖော်ပြထားပါသည်။
(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)